◾️ မြဝတီ-ရွှေကုက္ကိုလ်နှင့် KK Park နယ်မြေအတွင်း အွန်လိုင်းလိမ်လည်မှု၏ လျှပ်စစ်ဓာတ်အားနှင့် အင်တာနက်လိုင်းများမှာ တစ်ဖက်နိုင်ငံမှ ရယူထားသလို ရင်းနှီးမြှုပ်နှံမှုအများစုမှာလည်း ပြည်ပအဖွဲ့အစည်းများဖြစ်ဟုပါ ဖော်ပြ
၂၀. ၁. ၂၀၂၅
Written by Nyein Kyaw
နယ်စပ်ဒေသများတွင် အွန်လိုင်းလိမ်လည်မှုများ၊ အွန်လိုင်းလောင်းကစားမှုများ ကျူးလွန်နေသူများကို ဖော်ထုတ်အရေးယူသွားမည်ဖြစ်ပြီး အကာအကွယ်ပေးသူများကိုလည်း အရေးယူသွားမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) မှ ယနေ့ ထုတ်ပြန်သည့် နယ်စပ်ဒေသများတွင် ဖြစ်ပေါ်လျက်ရှိသော တရားမဝင် အွန်လိုင်းလောင်းကစားမှုများအား နှိမ်နင်းဆောင်ရွက်လျက်ရှိမှု အခြေအနေများနှင့် စပ်လျဉ်း၍ သတင်းထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။
အွန်လိုင်းလိမ်လည်မှုများ၊ အွန်လိုင်းလောင်းကစားမှုများနှင့် ပတ်သက်၍ လုပ်ဆောင်နေသူများသည် သာမာန်လူများမဟုတ်ကြဘဲ သက်ဆိုင်ရာနိုင်ငံများ၌ ရာဇဝတ်မှုများဖြစ်ပြီး တိမ်းရှောင်ထွက်ပြေးနေရသည့် လောင်းကစားလုပ်နေကြသူများက ဦးဆောင်နေကြခြင်းပင်ဖြစ်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏ ထုတ်ပြန်ခဲ့မှုအရ “တရုတ်များက မြန်မာများကို လိမ်ခြင်းမဟုတ်သကဲ့သို့ မြန်မာများက တရုတ်များကိုလိမ်ခြင်းလည်း မဟုတ်ပါ၊ ရာဇဝတ်မှုကျူးလွန်ထားပြီး အပြစ်ရှိသည့် ပြည်ပြေးလူတစ်စုမှ မိမိတို့နှစ်နိုင်ငံလုံးကို လိမ်နေခြင်းပင်ဖြစ်သဖြင့် အပြစ်ရှိသူများကို ဖော်ထုတ်အရေးယူသွားရမည်ဖြစ်ပြီး အကာအကွယ်ပေးသူများကိုလည်း အရေးယူရမည်ဖြစ်” ပါသည်ဟု ထုတ်ပြန်ထားသည်။
ယခုလတ်တလောတွင် ကရင်ပြည်နယ်၊ မြဝတီ-ရွှေကုက္ကိုလ်နှင့် KK Park နယ်မြေအတွင်း တရားမဝင် အွန်လိုင်းလောင်းကစားအပါအဝင် ဒုစရိုက်မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရှိရသည်။ အဆိုပါ ရွှေကုက္ကိုလ်နယ်မြေသည် ၂၀၁၆ ခုနှစ်ကတည်းကပင် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးကိစ္စရပ်များ ဆောင် ရွက်နိုင်ရန်အကြောင်းပြ၍ စီမံကိန်းတစ်ရပ်အဖြစ် တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်းနှင့် နောက်ပိုင်းတွင် မီဒီယာများမှ ဖော်ပြချက်များ၊ တရားမဝင်စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နေသည်ဆိုသည့် သတင်းများကြောင့် စီမံကိန်းဆက်လက်တည်ဆောက်ခြင်းအား ရပ်ဆိုင်းခဲ့သည့်ဒေသ ဖြစ်သည်။
ထို့အပြင် ၎င်းဒေသများ၌ အွန်လိုင်းလိမ်လည်မှု၏ အခြေခံလိုအပ်ချက်ဖြစ်သည့် လျှပ်စစ်ဓာတ်အားနှင့် အင်တာနက်လိုင်းအဆက်အသွယ်ကို မြန်မာနိုင်ငံအတွင်းမှ ရရှိခြင်း မဟုတ်ဘဲ တစ်ဖက်နိုင်ငံမှတစ်ဆင့် ရယူနေခြင်းဖြစ်ကြောင်းနှင့် အခြေခံအဆောက်အဦများနှင့် ရင်းနှီးမြှုပ်နှံမှုအများစုသည်လည်း ပြည်ပအဖွဲ့အစည်းများမှ လာရောက်ရင်းနှီး မြှုပ်နှံထားခြင်းဖြစ်ကြောင်းကို တွေ့ရှိရသည်။
အဆိုပါ အွန်လိုင်းလိမ်လည်မှုများ၊ အွန်လိုင်းလောင်း ကစားမှုများ လုပ်ဆောင်နေကြသူများသည် အွန်လိုင်းလိမ်လည်မှုများ၊ အွန်လိုင်းလောင်းကစားမှုများကို ၂၀၁၅ ခုနှစ်ခန့်မှစ၍ ဖိလစ်ပိုင်နိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံတို့တွင် လုပ်ကိုင်ခဲ့ကြပြီး ၂၀၁၉ ခုနှစ် နောက် ပိုင်း၌ မြန်မာနိုင်ငံသို့ ရောက်ရှိလုပ်ကိုင်ခဲ့ကြခြင်းဖြစ်သည်။
မြန်မာနိုင်ငံအနေဖြင့် တရားမဝင် ဝင်ရောက်နေထိုင်၍ အွန်လိုင်းလိမ်လည်မှုများ၊ အွန်လိုင်းလောင်းကစားမှုများ ကျူးလွန်နေကြသည့် ပြည်ပနိုင်ငံသားများအား စိစစ်ဖော်ထုတ်ခဲ့ရာ နယ်စပ်ဒေသများဖြစ်သည့် လောက်ကိုင်၊ မူဆယ်၊ တာချီလိတ်၊ မြဝတီမြို့များ အပါအဝင် အခြားနယ်စပ်ဒေသများမှ ဖော်ထုတ်ရရှိသည့် တရားမဝင် ဝင်ရောက်နေသူများကို သက်ဆိုင်ရာနိုင်ငံအလိုက် ပြန်လည်လွှဲပြောင်းပေးလျက်ရှိသည်။
ယင်းသို့ လွှဲပြောင်းပေးခဲ့ရာ ၂၀၂၃ ခုနှစ်၊ အောက်တို ဘာလ ၅ ရက်မှ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက်အထိ တရုတ်နိုင်ငံသို့ ၅၃,၃၈၈ ဦး၊ ထိုင်းနိုင်ငံသို့ ၆၄၈ ဦး၊ ကိုရီးယားနိုင်ငံသို့ ၂၀ ဦး၊ လာအိုနိုင်ငံသို့ ၂၂ ဦး၊ ဗီယက်နမ်နိုင်ငံသို့ ၁၁၄၉ ဦး၊ ဖိလစ်ပိုင်နိုင်ငံသို့ ၁၉ ဦး၊ မလေးရှားနိုင်ငံသို့ ၁၄၂ ဦး၊ ထိုင်ဝမ်သို့ ၂၁ ဦး၊ စင်္ကာပူနိုင်ငံသို့ ၂ ဦး၊ ပိုလန်နိုင်ငံသို့ ၁ ဦး၊ စပိန်နိုင်ငံသို့ ၁ ဦး၊ ရုရှားနိုင်ငံသို့ ၁၃ ဦး၊ အင်ဒိုနီးရှားနိုင်ငံသို့ ၃၈ ဦး၊ ယူဂန်ဒါနိုင်ငံသို့ ၃ ဦး၊ အီဂျစ်နိုင်ငံသို့ ၂ ဦး၊ ကမ္ဘောဒီးယားနိုင်ငံသို့ ၃ ဦး၊ အိန္ဒိယနိုင်ငံသို့ ၉၆ ဦး၊ မော်ရိုကိုနိုင်ငံသို့ ၁၃ ဦး၊ အီသီယိုးပီးယားနိုင်ငံသို့ ၂၉ ဦး၊ နီပေါနိုင်ငံသို့ ၂၆ ဦး၊ ပါကစ္စတန်နိုင်ငံသို့ ၃ ဦး၊ မြောက်အိုင်ယာလန်နိုင်ငံသို့ ၂ ဦး၊ ကာဇက်စတန်နိုင်ငံသို့ ၁ ဦး၊ ကင်ညာနိုင်ငံသို့ ၂ ဦး၊ သီရိလင်္ကာနိုင်ငံသို့ ၆၀ ဦး၊ တောင်အာဖရိကနိုင်ငံသို့ ၁ ဦး၊ ဟောင်ကောင်သို့ ၁ ဦး၊ ဆီရီယာလီယွန်နိုင်ငံသို့ ၂ ဦး၊ ဂါနာနိုင်ငံသို့ ၁ ဦး၊ ဘူရွန်ဒီနိုင်ငံသို့ ၁ ဦး၊ တာ့ခ်မင်နစ္စတန်နိုင်ငံသို့ ၁ ဦး၊ စုစုပေါင်း ၅၅,၇၁၁ ဦးအား ပြန်လည်လွှဲပြောင်းပေးနိုင်ခဲ့ပြီး ဆက်လက်၍ လည်း စိစစ်ဖော်ထုတ်မှုများကို ဆောင်ရွက်လျက်ရှိသည်။
နိုင်ငံတော်အစိုးရအနေဖြင့် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာမှုကြောင့် ဖမ်းဆီးရမိသည့် နိုင်ငံခြားသားများကို ဥပဒေနှင့်အညီစိစစ်နိုင်ရန်၊ အမြန်ဆုံးတရားစွဲဆို အရေးယူဆောင်ရွက်နိုင်ရန်နှင့် သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံးပြည်နှင်နိုင်ရန်အတွက် ကော်မတီများဖွဲ့စည်း၍ လုပ်ငန်းတာဝန်များကို ထိထိရောက်ရောက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသကဲ့သို့ အကြောင်းအမျိုးမျိုးကြောင့် ဒုက္ခရောက်နေသော နိုင်ငံခြားသားများနှင့် လူကုန်ကူးခံရသည့် နိုင်ငံခြားသားများကို သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံးပြည်နှင်လွှဲပြောင်းပေးနိုင်ရေး သက်ဆိုင်ရာနိုင်ငံများနှင့် တက်ကြွစွာပူးပေါင်း ဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် ၂၀၂၂ ခုနှစ်မှ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁၉ ရက်အထိ အာဆီယံအဖွဲ့ဝင်နိုင်ငံများ အပါအဝင် အာရှ၊ ဥရောပ၊ တရုတ်နိုင်ငံနှင့် တောင်အာဖရိကဒေသရှိ နိုင်ငံပေါင်း ၃၈ နိုင်ငံမှ ၄၁၇၆ ဦး (အမျိုးသား ၃၄၁၅ ဦး၊ အမျိုးသမီး ၇၆၁ ဦး)ကို ကူညီစုံစမ်းရှာဖွေပေးရန် သံတမန်လမ်းကြောင်း၊ အင်တာပိုလ်ရဲဆက်သွယ်ရေးလမ်းကြောင်းနှင့် ရဲဆက်ဆံရေးလမ်းကြောင်းများမှတစ်ဆင့် အကြောင်းကြားသည့်စာများ လက်ခံရရှိခဲ့ပြီး ၂၀၂၅ ရက် ဇန်နဝါရီ ၁၉ ရက်အထိ အမျိုးသား ၉၅၈ ဦး၊ အမျိုးသမီး ၃၃၄ဦး ပေါင်း ၁၂၉၂ ဦး ကို ရှာဖွေဖော်ထုတ်နိုင်ခဲ့သဖြင့် ၁၂၈၄ ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ လုပ်ထုံးလုပ်နည်းနှင့်အညီ ပြည်နှင်လွှဲပြောင်းခဲ့ပြီးဖြစ်ကာ ဗီယက်နမ် ၅ ဦး၊ ပါကစ္စတန် ၁ ဦး ၊ တရုတ် ၂ ဦး ပေါင်း၈ ဦးလွှဲရန် ကျန်ရှိကြောင်း၊ ကျန်ရှိသူ ၂၈၈၄ ဦး နှင့်ပတ်သက်၍ စဉ်ဆက်မပြတ် စုံစမ်းရှာဖွေလျက်ရှိပြီး ထူးခြားမှုရှိပါက သက်ဆိုင်ရာသံရုံးနှင့် နိုင်ငံများသို့ အချိန်နှင့် တစ်ပြေးညီသတင်းဖလှယ်ပေးလျက်ရှိကြောင်း သိရသည်။
ထို့အပြင် မြန်မာ-တရုတ် နှစ်နိုင်ငံပူးပေါင်းပြီး မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့ရှိ Online Scam Center များကို တားဆီး နှိမ်နင်းမှု ၂ ကြိမ် ဆောင်ရွက်ခဲ့ရာ ပထမအကြိမ်ကို ၂၀၂၄ ခုနှစ်၊ မတ် ၂၈ ရက်မှ ၃၁ ရက် အတွင်း ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ဒုတိယအကြိမ်ကို ၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၂၃ ရက်မှ ၂၆ ရက်အတွင်း ဆောင်ရွက်ခဲ့သည်ဟု သိရသည်။