◾ လားရှိုးမြို့က MNDAA ပြန် ဆုတ်ခွာရမယ်လို့ ဖော်ပြနေကြ
၂၀.၁.၂၀၂၅
Translated by Htwe Ko Tun
မြန်မာ့တပ်မတော်နဲ့ ကိုးကန့်သောင်းကျန်းသူ တပ်ဖွဲ့ (MNDAA) တို့အကြား ဇန်နဝါရီလ ၁၈ ရက်မှာ စတင်ခဲ့တဲ့ အပစ်အခတ်ရပ်စဲရေးအတွက် တရားဝင်သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ကြတယ်လို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာနက ဇန်နဝါရီလ ၂၀ ရက်မှာ ပြောကြားခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြလာကြပါတယ်။ ဒါက မှန်ကန်ရင် နှစ်နိုင်ငံနယ်စပ်မှာ တိုက်ခိုက်မှုတွေရပ်ဆိုင်းသွားခြင်းလည်း ဖြစ်မှာပါ။
မြန်မာ့တပ်မတော်နဲ့ ကိုးကန့်လက်နက်ကိုင်တို့အကြား တရုတ်နိုင်ငံအနောက်တောင်ပိုင်း ကူမင်းမြို့မှာ ငြိမ်းချမ်းရေးဆွေးနွေးခဲ့ကြတာပါ။ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်းက တရုတ်အစိုးရရဲ့ ငြိမ်းချမ်းရေးမြှင့်တင်ဖို့အားထုတ်မှုတွေကို နှစ်ဖက်စလုံးက ကျေးဇူးတင်ကြတယ်လို့ ဆိုခဲ့ပါတယ်။
မော်နင်းက မြန်မာနိုင်ငံမြောက်ပိုင်းမှာ အခြေအနေအေးချမ်းသာယာမှု ရခဲ့မယ်ဆိုရင် မြန်မာနိုင်ငံအတွင်း အဖွဲ့အစည်းတွေအားလုံးနဲ့ ဒေသတွင်းနိုင်ငံအားလုံးရဲ့ ဘုံအကျိုးစီးပွားပါ။ ဒါကြောင့် တရုတ်နဲ့မြန်မာအကြား နယ်စပ်ဒေသတွေရဲ့ လုံခြုံရေး၊ တည်ငြိမ်မှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေကို ပံ့ပိုးပေးရမှာဖြစ်တယ် လို့ ပြောခဲ့ပါတယ်။
တရုတ်အစိုးရအနေနဲ့ ငြိမ်းချမ်းရေးနဲ့ ညှိနှိုင်းဆွေးနွေးပွဲကိုတက်ကြွစွာဆက်ပြီး အဆင့်မြှင့်ပေးမှာဖြစ်တယ်။ ထောက်ပံ့မှုပေးမှာလည်းဖြစ်တယ်။ မြန်မာနိုင်ငံမြောက်ပိုင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အထောက်အကူပေးမှာလည်းဖြစ်တယ်လို့ မော်နင်းက ဆက်ပြောခဲ့ပါသေးတယ်။
MNDAA ကတပ်မတော်ကို သူတို့နယ်မြေတွေရယူထားတယ် စဉ်းစားပြီး မြန်မာ့တပ်မတော်ကို ပုန်ကန်မှု ပြုနေတဲ့ လူမျိုးစုလက်နက်ကိုင်သောင်းကျန်းသူအဖွဲ့တစ်ဖွဲ့ပါ။ သူက ပလောင်သူပုန်အဖွဲ့ TNLA ၊ ရခိုင်သူပုန် AA အဖွဲ့ တို့နဲ့အတူဖွဲ့စည်းထားတဲ့ ညီနောင်သုံးဖော်မဟာမိတ်အဖွဲ့မှာပါပါတယ်။ MNDAA က တရုတ်လူမျိုးစုတွေနဲ့ ဖွဲ့စည်းထားတာဖြစ်ပြီး ၂၀၂၄ ခုနှစ်၊ ဇူလိုင်မှာ တရုတ်နယ်စပ်က စစ်ဘက်အဓိကစခန်းတစ်ခုကို သိမ်းပိုက်ခဲ့တာပါ။
နိုင်ငံရေးအကဲဖြတ်တွေက သောင်းကျန်းသူတပ်ဖွဲ့တွေ နယ်စပ်ဒေသကနေ နိုင်ငံတွင်းရှေ့ကိုတိုးချီတက်ကာ မန္တလေးမြို့လောက်အထိရောက်လာမှာ စိုးရိမ်နေပုံရပါတယ်။ တရုတ်အနေနဲ မြန်မာနဲ့ ကီလိုမီတာ ၂၀၀၀ ကျော်ထိ စပ်နေတဲ့ နယ်စပ်တစ်လျှောက် မြန်မာအစိုးရနဲ့ ရင်းနှီးမြှုပ်နှံထားမှုတွေနဲ့ နှစ်နိုင်ငံကုန်သွယ်ရေးအတွက်လည်း စိုးရိမ်မှာပါ။ တရုတ်ကကြားဝင်ဆောင်ရွက်လို့ ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် တစ်ခု အတွက်ဆောင်ရွက်နိုင်ခဲ့ပေမယ့် လအနည်းငယ်အတွင်း ပျက်ပြားခဲ့ရပါတယ်။
အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ရဲ့ တစ်စိတ်တစ်ဒေသအဖြစ် MNDAA တပ်တွေက လားရှိုးမြို့ကနေ ပြန်ဆုတ်ခွာမယ်လို့ ပြည်တွင်းပြည်ပမီဒီယာတွေက ရေးသားဖော်ပြနေကြပေမဲ့ မြန်မာအစိုးရဘက်ကတော့ တရားဝင်ထုတ်ပြန်လာမှုတော့ မရှိသေးပါဘူး။
REF-Reuters