၂၀.၁.၂၀၂၅
Written By Thandar
သရုပ်ဆောင်၊ ဒါရိုက်တာရွှေခြံသန်းမြင့်ဟာ အသက် ၈၃ နှစ်အရွယ် ဒီနေ့ ဇန်နဝါရီ ၂၀ ရက် နံနက် ၅ နာရီ ၄၅ မိနစ်က ၉၆ ပါးသော ရောဂါနဲ့ ကွယ်လွန်သွားတယ်လို့ သူ့နဲ့နီးစပ်တဲ့ အနုပညာအသိုင်းအဝိုင်းက သိရပါတယ်။
“သရုပ်ဆောင်၊ ဒါရိုက်တာရွှေခြံသန်းမြင့်က ၉၆ ပါးရောဂါနဲ့ ဒီနေ့ မနက်ပိုင်းက ကွယ်လွန်သွားတာပါ။ အသက်ကလည်း ၈၃ နှစ်ရှိနေပြီလေ။ သူ့မှာက ပန်းနာရင်ကျပ်ရောဂါကလည်း ရှိတယ်လေ။ ဘာပဲဖြစ်ဖြစ် ခုလိုမျိုး အနုပညာလောကသားတစ်ယောက် လျော့သွားတာ စိတ်မကောင်းပါဘူး”လို့ အနုပညာလောကသားတစ်ဦးက MT Entertainment ကိုပြောပါတယ်။
အနုပညာလောကမှာ ဝါရင့်အနုပညာရှင်ကြီးတစ်ဦးဖြစ်သူ သရုပ်ဆောင်၊ ဒါရိုက်တာ ရွှေခြံသန်းမြင့် ကွယ်လွန်သွားတဲ့ အပေါ် အနုပညာအသိုင်းအဝိုင်းက အနုပညာရှင်တွေကလည်း ဝမ်းနည်းစကားဆိုကြပါတယ်။
သရုပ်ဆောင် ဒါရိုက်တာရွှေခြံသန်းမြင့်က အနုပညာဝါသနာကြောင့် အသက် (၄၂) နှစ်အရွယ်ရောက်မှ အနုပညာလောကထဲသို့ ဝင်ရောက်လာသူဖြစ်ပါတယ်။ သူဟာ တိပ်ခွေ ဇာတ်လမ်း အခွေပေါင်း ၁၇၀၀ ဝန်းကျင်မှာ အသံသွင်းဖူးပြီး ဗီဒီယိုဇာတ်ကား ၇၀၀ လောက် ရိုက်ကူးခဲ့တယ်လို့လည်း သိရပါတယ်။
ဒါ့ပြင် ရွှေခြံသန်းမြင့်က တော်လှန်ရေး ဇာတ်ကားတွေမှာ ရွာသူကြီး ဇာတ်ရုပ်ကာရိုက်တာကိုသာ အမြဲသရုပ်ဆောင်သူဖြစ်တဲ့အတွက် ပရိသတ်တွေက သူကြီးလို့ ချစ်စနိုးနဲ့ အမည်နာမ်စားခေါ်ဝေါ်ခံခဲ့ရသူပါ။
သရုပ်ဆောင်၊ ဒါရိုက်တာ ရွှေခြံသန်းမြင့်ရဲ့ ဈာပနအခမ်းအနားကို လာမယ့် ဇန်နဝါရီ ၂၂ ရက် မွန်းလွဲ ၁ နာရီအချိန် ကျီစုသုဿန်မှာ ပြုလုပ်မှာဖြစ်တယ်လို့ သိရပါတယ်။