၂၀.၁.၂၀၂၅
Written By Thandar
“တိမ်ပန်းချီ” ရုပ်ရှင်ဇာတ်ကားကြီးကို ကြည့်ရှုအားပေးခဲ့ကြတဲ့ ချစ်ပရိသတ်တွေရဲ့ အလှူအဖြစ် ယနေ့ ဇန်နဝါရီ ၂၀ ရက် နံနက်ပိုင်းက အောင်မြေဇေယျာမဏိဇောတာရာမကျောင်းတိုက် (သစ်တံခါးကျောင်း)မှာ လျှပ်စစ်မီး အလှူငွေကျပ်သိန်း (၁၁၁၀)ကို လှူဒါန်းခဲ့ပါတယ်။
“တိမ်ပန်းချီ ရုပ်ရှင်ဇာတ်ကားကို ကြည့်ရှုအားပေးခဲ့တဲ့ ချစ်ပရိသတ်တွေကို Brave Empire Entertainment & Production မိသားစုမှ ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ ပဲခူးမြို့ သစ်တံခါးကျောင်းတိုက်အသစ်ဆောက်လုပ်ရာတွင် တစ်ကျောင်းလုံးလိုအပ်တဲ့ လျှပ်စစ်မီးအတွက် အလှူငွေ ငွေကျပ်သိန်း (၁၁၁၀)တိတိကိုလှူဒါန်းတာပါ။ ရုပ်ရှင်ကြည့်ရှုသူ ပရိသတ်တွေလည်း ဒီအတွက် အားလုံး ကုသိုလ်ထပ်တူရရှိကြပါစေ ဆုတောင်းမေတ္တာပို့သပါတယ်။ ဒီညနေပိုင်းမှာ ကျွန်မတို့ထုတ်လုပ်ရေးက စတုဒိသာအလှူတွေ ထပ်လုပ်ဆောင်သွားမှာပါ “လို့ Brave Empire Entertainment & Production တာဝန်ရှိသူက MT Entertainment ကိုပြောပါတယ်။
အဆိုပါ အခမ်းအနားအလှူကိုတော့ တိမ်ပန်းချီ ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်ထားတဲ့ အဖွဲ့သားတွေဖြစ်တဲ့ Brave Empire Entertainment & Production ထုတ်လုပ်သူ ဇနီးမောင်နှံ၊ ဇာတ်ညွှန်း အေးသီရိကို၊ သရုပ်ဆောင် အေးချမ်းမောင်၊ စည်ဖြိုးတို့ဇနီးမောင်နှံ စတဲ့သူတွေ တက်ရောက်ခဲ့ကြပါတယ်။
ယနေ့ ညနေ ၃ နာရီမှာလည်း လှိုင်သာယာမြို့ (အနောက်ပိုင်း) (၁၀)ရပ်ကွက် စစ်ကိုင်းလမ်းမှာ စတုဒိသာအလှူအနေနဲ့ ကျွေးမွေးလှူဒါန်းသွားမှာဖြစ်ပါတယ်။
“တိမ်ပန်းချီ” ရုပ်ရှင်ဇာတ်ကားက ပရိသတ်တွေ ကြည့်ရှုအားပေးမှူနဲ့ ရုပ်ရှင်ရုံတွေမှာ ၅ ပတ်အထိ ရုံတင်ပြသခွင့်ရရှိခဲ့တာလည်း ဖြစ်ပါတယ်။