၂၀.၁.၂၀၂၅
Translated by Htwe Ko Tun
နိုင်ငံတကာမှာလည်း ထင်ရှားလူသိများတဲ့ ထိုင်းနိုင်ငံ၊ ဖူးခတ်မြို့မှာ ကျင်းပတာဖြစ်တဲ့ လျှပ်စစ်အက တေးဂီတပွဲကို လာရောက်ကြတဲ့ နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသွားနှစ်ဦးဟာ တေးဂီတပွဲမှာ ဇန်နဝါရီလ ၁၈ ရက်ညက သေဆုံးခဲ့ကြတယ်လို့ သိရပါတယ်။
သေဆုံးသူနှစ်ဦးက အမေရိကန်နိုင်ငံသားတစ်ဦးနဲ့ ကနေဒါနိုင်ငံသားတစ်ဦးတို့ဖြစ်ပြီး ဇန်နဝါရီလ ၁၈ ရက် ညက တေးဂီတပွဲမှာ သတိလစ်သွားခဲ့ကြတယ်လို့ ဆိုပါတယ်။
ရဲတပ်ဖွဲ့က အသက် ၂၈ နှစ်ရှိ ကနေဒါနိုင်ငံသား ရှာဖာရက်ဇ် မက်ဘူလ် အာမက်ကို ည ၈ နာရီ မိနစ် ၅၀ မှာ သာလန်ဆေးရုံကို ပို့ပေးခဲ့ပါတယ်။ ဆေးရုံကိုအရောက်မှာ သူက သတိပြန်လည်မလာတော့ပေမယ့် သွေးတိုးနှုန်းတော့ ရှိနေသေးတယ် ဆိုပါတယ်။ ဆေးရုံမှာ သူ့ကိုသတိပြန်လည်လာဖို့ အစွမ်းကုန်ကြိုးစားခဲ့ကြပေမယ့် မရတော့ဘဲ ဇန်နဝါရီလ ၁၈ ရက် ည ၉ နာရီ ၂၆ မိနစ်မှာ သေဆုံးခဲ့တာပါ။
အမေရိကန်နိုင်ငံသား အသက် ၃၂ နှစ်ရှိ မင် ငုရင် ကွန်ဖမ်း ဆိုသူကလည်း တေးဂီတပွဲတော်ကနေ သာလန်ဆေးရုံကို ဇန်နဝါရီလ ၁၈ ရက် ည ၁၁ နာရီ ၃၅ မိနစ်မှာသတိလစ်လျက်ရောက်လာခဲ့တာပါ။ သူ့ကို သတိပြန်လည်ဖို့ ဆေးရုံမှာကြိုးစားကြပေမယ့် မအောင်မြင်ခဲ့ဘဲ ဇန်နဝါရီလ ၁၉ ရက်အကူး နံနက် ၁၂ နာရီခွဲမှာ သေဆုံးခဲ့တာပဲ ဖြစ်ပါတယ်။
ရဲအဖွဲ့နဲ့ ဆေးရုံဝန်ထမ်းတွေက ကမ္ဘာလှည့်ခရီးသွားနှစ်ဦး သေဆုံးရတဲ့အကြောင်းရင်းကို လတ်တလော ထုတ်မပြောသေးဘဲ ကျန်းမာရေးစစ်ဆေးမှုတွေ ပြုလုပ်ဦးမှာပါ။ ဒါပေမယ့် မူးယစ်ဆေးဝါးသုံးစွဲမှုနဲ့ ပတ်သက်နေတယ်လို့ သံသယရှိကြပါတယ်။
သေဆုံးသူနှစ်ဦးစလုံးရဲ့ ခန္ဓာကိုယ်မှာ ရုပ်ပိုင်းဆိုင်ရာတစ်စုံတစ်ရာ ထိခိုက်ဒဏ်ရာရမှု လုံးဝမတွေ့ရဘူးလို့ ရဲတပ်ဖွဲ့က အတည်ပြုခဲ့ပါတယ်။ အမေရိကန်နိုင်ငံသားရဲ့ သူငယ်ချင်းတွေကတော့ ငုရင် ကွန်ဖမ်းအနေနဲ့ ဆေးခြောက်သုံးစွဲမှုလွန်ကဲပြီးခုလိုဖြစ်ရတာလို့ သူတို့ယုံကြည်တယ်လို့ ရဲတပ်ဖွဲ့ကို ပြောခဲ့ကြပါတယ်။
Ref- Bangkok Post