၂၀.၁.၂၀၂၅.
Translated by Htwe Ko Tun
ပြစ်တင်ရှုတ်ချမှုခံထားရတဲ့ သမ္မတ ယွန်ဆပ်ယိုလ်ကို ဖမ်းဆီးခဲ့မှုအပေါ် မကျေမနပ်ဒေါသဖြစ်နေကြတဲ့ ယွန်ကိုထောက်ခံတဲ့ ဆန္ဒပြသမားတွေဟာ ဇန်နဝါရီလ ၁၉ ရက်၊ နံနက် ၃ နာရီခန့်မှာ ဆိုးလ်မြို့က တရားရုံးတစ်ရုံးကို ဝင်ရောက်တိုက်ခိုက်ခဲ့ကြတဲ့အတွက် စုစုပေါင်း ဆန္ဒပြသမား ၈၆ ဦးကို ဖမ်းဆီးထားပြီး သူတို့တွေအနေနဲ့ ပြင်းထန်တဲ့ ဥပဒေကြောင်းအရေးယူမှုတွေကို တွေ့ကြုံရဖွယ်ရှိတယ်လို့ ဇန်နဝါရီလ ၁၉ ရက် ညပိုင်းမှာ သတင်းအရင်းအမြစ်တွေက ဖော်ပြခဲ့ကြပါတယ်။
စစ်အုပ်ချုပ်ရေးထုတ်ပြန်ခဲ့မှုကြောင့် ပြစ်တင်ရှုတ်ချခံခဲ့ရတဲ့ သမ္မတ ယွန်ဆပ်ယိုလ်ကို တရားဝင်ဖမ်းဆီးဖို့ ဆိုးလ်မြို့ အနောက်ပိုင်းခရိုင်တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို မကျေနပ်ကြတဲ့ ယွန်ကိုထောက်ခံသူ ဆန္ဒပြသမားတွေက တရားရုံးကို ဝင်ရောက်တိုက်ခိုက်ခဲ့ကြလို့ ရဲတပ်ဖွဲ့က ဖမ်းဆီးမှုပြုခဲ့တာလို့ ဆိုပါတယ်။
ယွန်ကိုထောက်ခံသူတွေက အုတ်နံရံတွေကျော်တက်၊ ပြတင်းပေါက်များရိုက်ချိုးကာ တရားရုံးအတွင်း ဝင်ရောက်ခဲ့ကြပြီး ပလပ်စတစ်ထိုင်ခုံတွေ၊ အမှိုက်သရိုက်တွေ၊ အခြားပစ္စည်းတွေကို ပစ်ပေါက်ဖျက်ဆီးခဲ့ကြသလို တရားရုံးနားမှာရှိနေတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို မီးသတ်ဘူးတစ်ခုနဲ့ ပက်ဖျန်းတိုက်ခိုက်ခဲ့ကြပါတယ်။
သူတို့က ယွန်ကို ထောက်ခံဆန္ဒပြဖို့ တရားရုံးအပြင်မှာ ဇန်နဝါရီလ ၁၈ ရက်က စုဝေးခဲ့ကြသူ အင်အား ၄၄,၀၀၀ ခန့်ရှိတဲ့ လူစုလူဝေးရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့လည်း ဆိုပါတယ်။ တချို့ ဆန္ဒပြသမားတွေက တရားရုံးဝင်းအတွင်း ဝင်ရောက်ဖို့ ကြိုးစားကြရာမှာ ရဲတပ်ဖွဲ့ဝင်တွေနဲ့ အငြင်းအခုံ ခိုက်ရန်ဖြစ်ခဲ့ကြရပါတယ်။
ဖမ်းဆီးခံရသူတွေအနေနဲ့ ပြည်သူပိုင်ပစ္စည်းဖျက်ဆီးမှုလို ထောင်ဒဏ်သုံးနှစ် ဒါမှမဟုတ် ငွေဒဏ် ဝမ် ငါးသန်း(အမေရိကန်ဒေါ်လာ ၃,၄၀၀) အထိ အပြစ်ပေးနိုင်တဲ့ အသေးအဖွဲစွဲချက်တွေကနေ ကြီးမားပြင်းထန်တဲ့ စွဲချက်တွေကိုပါ ရင်ဆိုင်ကြရဖွယ်ရှိတယ်လို့ သိရပါတယ်။
အဓိကရုဏ်းနဲ့ဆက်စပ်နေတဲ့ စွဲချက်တွေလို ပြင်းထန်တဲ့စွဲချက်တွေမှာတော့ ယွန်ကိုထောက်ခံတဲ့ ဆန္ဒပြသမားတွေအဖို့ ထောင်ဒဏ် ၁၀ နှစ် ဒါမှမဟုတ် ငွေဒဏ် ဝမ်ငွေ ၁၅ သန်းအထိ ကျခံရနိုင်ပါတယ်။
Ref- Yonhap