၂၀. ၁. ၂၀၂၅
Translated by Thettant
မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာနမှာ အထွေထွေအတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ Tan Sri Othman Hashim ကို မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးသံတမန်အဖြစ် ၂၀၂၅ ခုနှစ် အာဆီယံဥက္ကဋ္ဌမလေးရှားနိုင်ငံက အတည်ပြုကြေညာလိုက်ပါတယ်။
မလေးရှားနိုင်ငံခြားရေး၀န်ကြီး Datuk Seri Mohamad Hasan က Tan Sri Othman Hashim ဟာ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ ဥက္ကဋ္ဌရဲ့ အထူးသံတမန်ဖြစ်တယ်လို့ လန်ကာဝီအပန်းဖြေစခန်းမှာ ဇန်နဝါရီ ၁၉ ရက်က ကျင်းပတဲ့ အာဆီယံနိုင်ငံခြား ရေးဝန်ကြီးများ အပန်းဖြေစခန်းမှာ ပြောကြားခဲ့တာလည်းဖြစ်ပါတယ်။
“အာဆီယံဝန်ကြီးတွေက မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်အဖြစ် Tan Sri Othman Hashim ကို ထောက်ခံပြီး သူ့ရဲ့လုပ်ပိုင်ခွင့်ကို ကျေပွန်အောင် ဆောင်ရွက်မှာပါ” လို့လည်း Hasan က မှတ်ချက်ပြုပါတယ်။
မလေးရှားလူ့အခွင့်အရေးကော်မရှင် (Suhakam)ရဲ့ ဥက္ကဋ္ဌလည်းဖြစ်ခဲ့ Othman ဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီဖြစ်စဥ်အပြီးမှာ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်အဖြစ် ခန့်အပ်ခံရတဲ့ ပဉ္စမမြောက် အထူးသံတမန်လည်းဖြစ်ပြီး မလေးရှား နိုင်ငံခြားရေး ဝန်ကြီးဌာနမှာ ဆယ်စုနှစ် သုံးခုကျော် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သလို ရိုမေးနီးယား၊ ဆွစ်ဇာလန်နဲ့ တရုတ်နိုင်ငံအပါအဝင် နိုင်ငံအများအပြားမှာ သံတမန်အဖြစ် အမှုထမ်းခဲ့သလို ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ်အဖြစ် ချက်သမ္မတနိုင်ငံဆိုင်ရာ မလေးရှားသံအမတ်ကြီးအဖြစ်နဲ့ အမေရိကန်ပြည်ထောင်စုဆိုင်ရာ သံအမတ်ကြီးအဖြစ်လည်း ဆောင်ရွက်ခဲ့သူပါ။
Ref, Reuters & Malaymail