၂၀.၁.၂၀၂၅
Written by Nyein Kyaw & Htwe Ko Tun
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ဇန်နဝါရီလ ၁၆ ရက်နဲ့ ၁၇ ရက်တို့မှာ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေရဲ့ ငါးကြိမ်မြောက် ဒစ်ဂျစ်တယ်ဆိုင်ရာ ဝန်ကြီးတွေ တွေ့ဆုံဆွေးနွေးခဲ့အပြီးမှာတော့ ပူးတွဲကြေညာ စာတမ်းထုတ်ပြန်ခဲ့ရာမှာ ဒစ်ဂျစ်တယ်နဲ့ဆက်သွယ်ရေးနည်းပညာတွေသုံးပြီး အွန်လိုင်းလိမ်လည်မှုတွေ ပြုနေတဲ့ ကျားဖြန့်လုပ်ငန်းတွေကို အာဆီယံနိုင်ငံတွေ ပူးပေါင်းနှိမ်နင်းမယ်လို့ ဖော်ပြခဲ့ကြပါတယ်။
အစည်းအဝေးမှာ ထိုင်းနိုင်ငံဝန်ကြီးချုပ် H.E. Paetongtarn Shinawatra က အဖွင့်မိန့်ခွန်းပြောခဲ့ရာမှာ ယနေ့ခေတ်မှာ အွန်လိုင်းလိမ်လည်မှုတွေများပြားလာနေပြီး ပြည်သူတွေအတွက် ဆိုးရွားတဲ့ အန္တရာယ်တွေဖြစ်စေတဲ့အပေါ် စိုးရိမ်ပြီး ဒီပြဿနာကိုကိုင်တွယ်ဖြေရှင်းဖို့ ဒေသတွင်းအတူတကွ ပူးပေါင်းဆောင်ရွက်သွားဖို့လိုတယ်လို့ ပြောခဲ့ပါတယ်။ ဒါ့ပြင်လူမှုအသိုင်းအဝိုင်းရဲ့ ယုံကြည်မှုကိုထိခိုက်စေတဲ့ သတင်းတု၊ သတင်းအမှားတွေကို ကာကွယ်တိုက်ဖျက်ရေးအတွက် အာဆီယံတွင်း အစီအမံတွေ ချမှတ်ဆောင်ရွက်သွားဖို့နဲ့ ပြည်သူတွေရဲ့ ဒစ်ဂျစ်တယ်အသိပညာ မြှင့်တင်ဆောင်ရွက်သွားဖို့လိုအပ်တဲ့အပြင် ဒီခေတ်မှာ ဉာဏ်ရည်တုနည်းပညာ ဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှ အာဆီယံအနေနဲ့ ဒီနည်းပညာကို ဒေသတွင်းအကျိုးအတွက် အပြည့်အဝအသုံးချ နိုင်စေရေး အားလုံးပါဝင်ပြီး တာဝန်ယူမှုရှိတဲ့ နည်းလမ်းတွေနဲ့ ကျင့်သုံးဆောင်ရွက်သွားကြဖို့ တိုက်တွန်း ပြောကြားခဲ့ပါတယ်။
ဒီအစည်းအဝေးမှာ အာဆီယံဝန်ကြီးတွေက အာဆီယံဒေသအတွင်း ဒစ်ဂျစ်တယ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုအခြေအနေတွေ၊ လုံခြုံမှု၊ တီထွင်ဆန်းသစ်မှု၊ အားလုံးပါဝင်နိုင်မှုဆိုတဲ့အခြေခံသဘောတရားတွေနဲ့အညီ အာဆီယံရဲ့ ဒစ်ဂျစ်တယ်အနာဂတ်ကိုဖော်ဆောင်ဖို့ ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ တွေ့ကြုံနေ ရတဲ့ စိန်ခေါ်မှုတွေကို ပူးပေါင်းဖြေရှင်းနိုင်မယ့် နည်းလမ်းတွေနဲ့စပ်လျဉ်းလို့ ဆွေးနွေးခဲ့ကြပါတယ်။
အစည်းအဝေးတက်ရောက်တဲ့ မြန်မာနိုင်ငံအစိုးရ၊ဒုတိယဝန်ကြီးချုပ်နဲ့ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးကလည်း အာဆီယံနိုင်ငံတွေထဲ အွန်လိုင်းလိမ်လည်မှုတွေပိုများလာတာကြောင့် ဒီလုပ်ငန်းတွေ နှိမ်နင်းတိုက်ဖျက်ရေးအတွက် ပိုပြီးပူးပေါင်းဆောင်ရွက်မယ်လို့ အစည်းအဝေးမှာပြောခဲ့ပါတယ်။
ဇန်နဝါရီ ၁၆ ရက်မှာ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးဟာ ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် Ministry of Digital Economy and Society ဝန်ကြီးဌာန ဝန်ကြီး H.E. Prasert Jantararuangtong ၊ ဇန်နဝါရီ ၁၇ ရက်မှာ ဗီယက်နမ်နိုင်ငံ Information and Communications ဝန်ကြီးဌာနဝန်ကြီး H.E. Nguyen Manh Hung တို့နဲ့ သီးခြားစီတွေ့ဆုံပြီး သတင်းအချက်အလက်ဖလှယ်ရေးနှင့် နည်းပညာပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြပါသေးတယ်။
အာဆီယံဝန်ကြီးတွေဟာ ဆွေးနွေးဘက်နိုင်ငံတွေဖြစ်တဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဂျပန်နိုင်ငံ၊ ကိုရီးယားသမ္မတနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ အမေရိကန်နိုင်ငံနှင့် International Telecommunication Union (ITU) တို့နဲ့ Dialogue partners meeting အဖြစ် သီးခြားစီ တွေ့ဆုံဆွေးနွေးပြီး ဘန်ကောက်ဒစ်ဂျစ်တယ်ကြေညာ စာတမ်း (Bangkok Digital Declaration) ကို အတည်ပြုထုတ်ပြန်ခဲ့ကြပါတယ်။