၂၀. ၁. ၂၀၂၄
Written by Nyein Kyaw
ယခု ၂၀၂၅ ခုနှစ်အတွင်း ရေနံနှင့်သဘာဝဓာတ်ငွေ့ ခိုအောင်းနိုင်သည့် အနည်ကျချိုင့်ဝှမ်းနှင့် ရေနံမြေသစ်များ ရှာဖွေတွေ့ရှိနိုင်ရန် ကွင်းဆင်းလေ့လာသုတေသနပြုနိုင်ရေး ဆောင်ရွက်ရန် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်က ယမန်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၏ အသုံးချသုတေသနဌာနသို့ သွားရောက်ကြည့်ရှုစဉ် ပြောကြားခဲ့သည်။
ဝန်ကြီးဌာန၏ ရည်မှန်းချက်ဖြစ်သော “2025, the Year of Myanmar Energy” ဆောင်ပုဒ်နှင့်အညီ ယခုနှစ်အတွင်း ရေနံနှင့်သဘာဝဓာတ်ငွေ့ ခိုအောင်းနိုင်သည့် အနည်ကျချိုင့်ဝှမ်းနှင့် ရေနံမြေသစ်များ ရှာဖွေတွေ့ရှိနိုင်ရန် ကွင်းဆင်းလေ့လာသုတေသနပြုနိုင်ရေး သက်ဆိုင်ရာတက္ကသိုလ်များနှင့် ပူးပေါင်းဆောင်ရွက်ရန်၊ တက္ကသိုလ်များနှင့်ချိတ်ဆက်ပြီး Project Base သုတေသနကျမ်းများ ထွက်ပေါ်လာရေး ဆောင်ရွက်ရန်နှင့် ယင်းမှတစ်ဆင့် Apply Research အဆင့်အထိရောက်အောင် ကြိုးစားဆောင်ရွက်ရန်လိုကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
ထို့ပြင် ရေနံနှင့်သဘာဝဓာတ်ငွေ့များ တူးဖော်စမ်းသပ်ရာတွင် အရေးကြီးဆုံးဖြစ်သည့် အရည်အသွေးမှန်ကန်သည့်အဖြေများရရှိရန် သုတေသနနှင့် ဓာတ်ခွဲခန်းလုပ်ငန်းများကို စနစ်တကျဆောင်ရွက်ကြရန်အတွက်လည်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၈ ရက်က တရုတ်နိုင်ငံတွင် ကျင်းပသည့် တတိယအကြိမ်မြောက် ကမ္ဘာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ဆိုင်ရာညီလာခံသို့ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် တက်ရောက်ခဲ့စဉ််အတွင်းမှာလည်း ဆူဒန်နိုင်ငံဝန်ကြီးအပြင် တရုတ်၊ အီရန်နိုင်ငံတို့မှ တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး ရေနံနှင့် သဘာဝဓာတ်ငွေ့ တူဖော်ရေးရေးစက်ပစ္စည်းများ တိုက်ရိုက်ဝယ်ယူနိုင်ရေးတို့အတွက် ဆွေးနွေးမှုများ ပြုလုပ်ထားသည်။