MT News
၂၀.၁. ၂၀၂၅
မကြာခင် ကျရောက်မယ့် တရုတ်နှစ်သစ်ကူးပွဲတော် (နွေဦးပွဲတော်) အထိမ်းအမှတ်ပွဲဈေးကို မြန်မာနိုင်ငံ ရန်ကုန်မြို့က တရုတ်တန်းမှာ ၇ ရက်ကြာ ကျင်းပသွားမယ်လို့ ဈေးပွဲတော် ကျင်းပရေးကော်မတီ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
“တရုတ်နှစ်သစ်ကူး အထိမ်းအမှတ်အနေနဲ့ ဆင်နွှဲတဲ့ အစဉ်အလာကို ထိန်းသိမ်းဖို့ရည်ရွယ်ပြီး ပွဲဈေးကျင်းပရခြင်းဖြစ်ပါတယ်” လို့ ဈေးပွဲတော် ကျင်းပရေးကော်မတီ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။
၂၀၂၅ ခုနှစ်ရဲ့ တရုတ်နှစ်သစ်ကူးနေ့ဟာ ဇန်နဝါရီ ၂၉ ရက်မှာ ကျရောက်မှာဖြစ်ပြီး လာမယ့်နှစ်သစ်က မြွေနှစ်ဖြစ်သလို တရုတ်တန်းက နှစ်သစ်ကူးစျေးပွဲတော်ကိုတော့ ဇန်နဝါရီ ၂၅ ရက်ကနေ ၃၁ ရက်အထိ ကျင်းပသွားမှာဖြစ်ပါတယ်။
မြန်မာအစိုးရဟာ တရုတ်နှစ်သစ်ကူးနေ့ကို အခု ၂၀၂၅ ခုနှစ်ကစလို့ အများပြည်သူ အလုပ်ပိတ်ရက်အဖြစ် တရားဝင်ကြေညာခဲ့သလို မကြာခင်ကျင်းပမယ့် နွေဦးပွဲဈေးမှာ ခြင်္သေ့အကနဲ့ နဂါးအကတွေ၊ ဖျော်ဖြေရေးအစီအစဉ်အမျိုးမျိုး၊ ကလေးကစားကွင်းတွေ၊ အလှဓာတ်ပုံရိုက်ကူးနိုင်တဲ့ နေရာတွေနဲ့ ဈေးဆိုင်ခန်း အများအပြား ပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။
Ref & Photo, Xinhua