၁၉.၁.၂၀၂၅
Written by KL
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ အမှတ် (၁) ရပ်ကွက်၊ ရုံးညောင်ပင်ရပ်ရှိ ရုံးညောင်ပင်စက်လှေ ဆိပ်နှင့် ဧရာဝတီမြစ်ရေချိုးဆိပ်တွင် ဇန်နဝါရီလ ၁၉ ရက် မွန်းလွဲ ၁ နာရီခန့်က ရေငုပ်ပြမယ်ဟုဆိုကာ အသက် ၁၃ နှစ်အရွယ် ယောင်္ကျားလေးတစ်ဦး ရေငုပ်ရာမှ ရေနစ်သေဆုံးခဲ့ကြောင်း ကယ်ဆယ်ရေးဆောင်ရွက်ခဲ့သည့် ညောင်ဦးမြို့နယ် မီးသတ်စခန်းထံမှ သိရသည်။
အမှတ် (၆) ရပ်ကွက်၊ တက်သိမ်း(မ)ရပ်တွင် နေထိုင်သူ အသက် ၁၃ နှစ်အရွယ် မောင်ခန့်ခန့်ဦး(Grade-6 ကျောင်းသား) မှာ ၎င်း၏ သူငယ်ချင်း နှစ်ဦးနှင့်အတူ ရေဆင်းချိုးရင်း ရေငုပ်ပြမယ်ဟု ဆိုကာ ရေငုပ်ပြရာမှ ရေနစ်ပျောက်ဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ရေနစ်ပျောက်ဆုံးသူကို ညောင်ဦးမြို့နယ်မီးသတ်စခန်းမှ သန္ဓေအရန် မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျွမ်းကျင်ရေငုပ်သမားများ ၊ စက်လှေသမားများ၊ ဒေသခံပြည်သူများနှင့်ပူးပေါင်း၍ စက်လှေ ၂ စီးဖြင့် ပိုက်ကွန်တိုက်ရှာဖွေခြင်း၊ ရေငုပ်ရှာဖွေခြင်းများ ဆောင်ရွက်ခဲ့ရာ ညနေ ၄ နာရီ မိနစ် ၅၀ တွင် ရေနစ်သေဆုံးသော ရုပ်အလောင်းကို ပြန်လည်တွေ့ရှိခဲ့သည်။
သေဆုံးသူလူငယ်၏ ရုပ်အလောင်းကို ဂရုဏာရှင် နာရေးအခမဲ့ကူညီမှုအသင်းပိုင်ယာဥ်ဖြင့် ခုတင် ၂၀၀ ဆံ့ ညောင်ဦးခရိုင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီခဲ့ကြောင်း သိရသည်။