၁၉.၁ .၂၀၂၄
Written by Hey Mar
ရန်ကုန်မြို့၊ ဗဟာဗန္ဓုလတံတားပေါ် ဒေါပုံမြို့နယ်ဘက်အခြမ်း တံတားအဆင်းမှာ အမျိုးသမီးနှစ်ဦးကို ယာဉ်တိုက်ပြေးသွားတဲ့ဖြစ်စဉ် ဒီနေ့ ဇန်နဝါရီလ ၁၉ ရက်နေ့ ညနေ ၆ နာရီ ၁၅ မိနစ်ခန့်ကဖြစ်ပွားခဲ့ပြီး ယာဉ်တိုက်ခံရမှုကြောင့် နှစ်ဦးစလုံး နေရာတင်သေဆုံးခဲ့တယ်လို့ မြေပြင်အကူအညီရောက်ရှိခဲ့တဲ့ လင်းလက်လူမှုကူညီရေး အသင်းထံကနေ သိရပါတယ်။
ယာဉ်တိုက်ခံရသူ အမျိုးနှစ်ဦးမှာ မည်သူမည်ဝါဖြစ်တယ်ဆိုတာကိုတော့ လတ်တလောမသိရှိရသေးသလို တိုက်ပြေးတဲ့ယာဉ်ကိုလည်း စုံစမ်းနေဆဲလို့ သိရှိရပြီး အမျိုးသမီးနှစ်ဦးမှာ တစ်ဦးနဲ့ တစ်ဦး ပေ ၃၀ လောက်ကွာဝေးကြောင်းလည်း ရုပ်အလောင်းသွားရောက်ကောက်ယူခဲ့တဲ့ လင်းလက် လူမှုကူညီရေးအသင်းတာဝန်ရှိသူက ပြောပါတယ်။
အဆိုပါတာဝန်ရှိသူက “အမျိုးသမီးနှစ်ဦးမှာ တစ်ဦးက ပိန်ပိန် အသက် နှစ်ဆယ်အရွယ်လောက်။ နောက်တစ်ဦးက ခပ်ပြည့်ပြည့်ပဲ။ သူလည်း နှစ်ဆယ့်ရှစ် သုံးဆယ်လောက် ခန့်မှန်းရတယ်။ ကျွန်တော်တို့အသင်းက ခပ်ပိန်ပိန်အမျိုးသမီး အလောင်းကို သယ်လာခဲ့ပါတယ်။ သူက ကြိတ်မိတဲ့ ပုံစံမျိုး။ ဦးခေါင်းက ကွဲကြေ၊ အရိုးတွေ ကျိုး။ အဲ့လိုဒဏ်ရာတွေပါ။ နောက်တစ်ဦးကတော့ ရှင်သန်ရေး လူမှုကူညီရေးအသင်းက သယ်သွားပေးပါတယ်” လို့ MT News ကို ပြောပါတယ်။
တာဝန်ရှိသူတွေကို တက္ကစီယာဉ်တစ်စီးကပဲ အကြောင်း ကြားပေးခဲ့တာဖြစ်ပြီး နောက်ကားတွေက ရုပ်အလောင်းတွေကို တိုက်ကြိတ်တာမျိုးမဖြစ်ရအောင် သူက မီးထိုးပြီး ကာထားပေးကြောင်းလည်း မြေပြင်ရောက်ရှိချိန် အခြေအနေကို ပြောပြပါတယ်။
သေဆုံးသူအမျိုးသမီးနှစ်ဦးရဲ့ ရုပ်အလောင်းကို လင်းလက်လူမှုကူညီရေးအသင်းနဲ့ ရှင်သန်ရေးလူမှုကူညီရေးအသင်းတို့က သယ်ဆောင်ကာ ရန်ကုန်ဆေးရုံကြီးဆီ ပို့ဆောင်ပေးခဲ့ပြီး သက်ဆိုင်ရာက သေဆုံးသူတွေရဲ့ မိသားစုဝင်တွေကို ချိတ်ဆက်ဆောင်ရွက်နိုင်ဖို့နဲ့ တိုက်ပြေးတဲ့ယာဉ်ကို ဖမ်းဆီးရမိနိုင်ရေး ဆက်လက်စုံစမ်းဆောင်ရွက်နေတယ်လို့ သိရှိရပါတယ်။
Photo , AYT လူမှုကူညီရေးအသင်း(ဒေါပုံ)