၁၃. ၁. ၂၀၂၃
Written by Nay Aung
မြဝတီနှင့်မဲဆောက်တံတားကို ဇန်နဝါရီ ၁၂ ရက်တွင် ဖွင့်လှစ်ပြီးနောက် မြန်မာနိုင်ငံ တာချီလိတ်မြို့နှင့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့တို့ကို ဆက်သွယ်ထားသောအမှတ် (၁) ချစ် ကြည်ရေးတံတား နယ်စပ်စစ်ဆေးရေးဂိတ်ကို လာမည့်ရက်ပိုင်းအတွင်းပြန်လည်ဖွင့်လှစ်ဖွယ်ရှိနေကြောင်း သိရသည်။
မြန်မာအစိုးရသည် ယာယီခရီးသွားလာသူများ၊ ထိုင်းနှင့်မြန်မာနိုင်ငံသားများ အသုံးပြုသော နယ်စပ်ဖြတ်သန်းခွင့် အဝင်အထွက်ခွင့်ပြုချက်များနှင့်ပတ်သက်သော စာရွက်စာတမ်းများ၊ ခရီးသွားများသွားမည့်နေရာများနှင့် ပတ်သက်ကာ မှတ်တမ်းများပြုလုပ်ထားရန် တာချီလိတ်မြို့ လူဝင်မှုကြီးကြပ်ရေးဌာနထံ ညွှန်ကြားစာပို့ထားကြောင်း ထိုင်းအခြေစိုက် သတင်းများတွင်ဖော်ပြထားသည်။
တာချီလိတ်နှင့် မယ်ဆိုင်မြို့ကို ဆက်သွယ်ထားသော အမှတ် (၁) ချစ်ကြည်ရေးတံတားကို ထိုင်းနှင့်မြန်မာနိုင်ငံသားများ နယ်စပ်အဝင်ထွက်များအတွက် အသုံးပြုပြီး ချစ်ကြည်ရေးတံတားအမှတ် (၂)ကို ထိုင်းနှင့် မြန်မာနိုင်ငံကြား ကုန်စည်တင်သွင်းပို့ဆောင်မှုများအတွက် အသုံးပြုကြောင်းသိရသည်။
တာချီလိတ်နှင့် မယ်ဆိုင်ကြားဆက်သွယ်ထားသော အမှတ် (၁) ချစ်ကြည်ရေးတံတား နယ်စပ်စစ်ဆေးရေးဂိတ်တွင် ပြီးခဲ့သည့် သီတင်းပတ်က မြန်မာနယ်စပ်ရေးရာဌာနနှင့် ဆက်စပ်သောအေဂျင်စီများပူးပေါင်းပြီး သန့်ရှင်းရေးပြန်လည်လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
မြန်မာအစိုးရတာဝန်ရှိသူများသည် ရနောင်းမြို့နယ်စပ်ဆေးရေးဂိတ်နှင့် အခြားဌာနများကိုလည်း စာပို့မှုများရှိနေပြီး ထိုင်းနှင့် မြန်မာနိုင်ငံကြားဆက်သွယ်ထားသော အမှတ် (၁) မယ်ဆိုင်-တာချီလိတ်ချစ်ကြည်ရေးတံတားကို မကြာမီ ပြန်လည်ဖွင့်လှစ်ဖွယ်ရှိနေကြောင်း ထိုင်းသတင်းများတွင်ဖော်ပြထားသည်။
ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဖြစ်ပွားမှုကို တားဆီးနိုင်ရန်အတွက် အမှတ် (၁) မယ်ဆိုင်-တာချီလိတ်ချစ်ကြည်ရေးတံတားကို ၂၀၂၀ ပြည့်နှစ် မတ်လ ၂၄ ရက်နေ့တည်းက ကာလအတန်ကြာ ပိတ်ထားခဲ့ပြီးနောက် ထိုင်းနှင့်မြန်မာပြည်သူများသည် အဆိုပါတံတားကို အသုံးပြုပြီး လာမည့်သီတင်းပတ်အတွင်း ထိုင်းနှင့်မြန်မာနိုင်ငံကြား အဝင်အထွက် ပြန်လည်လုပ်ခွင့်ရရန် မျှော်လင့်နေသည်။
အဆိုပါ တံတားကို ပိတ်ထားခြင်းကြောင့် ထိုင်းနှင့်မြန်မာ နယ်စပ်ဒေသကို ဖြတ်သန်းမည့်သူများအတွက် ကာလအတန်ကြာ ခက်ခဲခဲ့ရကြောင်း သိရသည်။ အဆိုပါတံတားကို ထိုင်းနှင့်မြန်မာနိုင်ငံသား နှစ်နိုင်ငံစလုံးအသုံးပြုပြီး တစ်ရက်ကို တံတားစစ်ဆေးရေးဂိတ်ဖြတ်သန်းသွားလာပြီး အဝင်ထွက်ပြုလုပ်သူ အနည်းဆုံး ၃၀၀၀ ခန့်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံသားများသည် အလုပ်လုပ်ရန်၊ ကုန်ပစ္စည်းဝယ်ယူရန်၊ ထိုင်းနိုင်ငံသို့ သွားရောက်လေ့လာရန်အတွက် အမှတ် (၁) မယ်ဆိုင်-တာချီလိတ်ချစ်ကြည်ရေးတံတား စစ်ဆေးရေးဂိတ်ကို ဖြတ်သန်းသွားလာသလို ထိုင်းနိုင်ငံသားများသည်လည်း မြန်မာနိုင်ငံကိုလာရောက်လည်ပတ်ရန်အတွက် အဆိုပါတံတားကိုဖြတ်သန်းသွားလာကြောင်းသိရသည်။
ref mgronline