၁၉. ၁. ၂၀၂၅
Written by Nay Moe
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်မှာ ကင်းလှည့်ထွက်လာတဲ့ လုံခြုံရေးပူးပေါင်းတပ်ဖွဲ့ကို အမှောင်ထဲကနေ People’s Defence Organization – Oktwin လက်နက်ကိုင်တွေ ချောင်းမြောင်းပစ်ခတ်ရာမှာ ခြောက်ဦးသေဆုံးသွားတယ်လို့ ကနဦးသတင်းတွေအရ သိရပါတယ်။
မနေ့က ဇန်နဝါရီ ၁၈ ရက် ည ၈ နာရီ မိနစ် ၄၀ ခန့်မှာ အုတ်တွင်းမြို့နယ်၊ အုန်းပင်ကျေးရွာအုပ်စု၊ သံတိုင်ခင်ကျေးရွာအနီးမှာ ကင်းလှည့်လာတဲ့ လုံခြုံရေးတပ်ဖွဲ့နဲ့ အုတ်တွင်းမြို့မရဲစခန်းက ရဲတပ်ဖွဲ့၊ အုန်းပင်ရွာအုပ်ချုပ်ရေးမှူး ပူးပေါင်းအဖွဲ့ကို အုတ်တွင်း PDF တွေက ညအမှောင်ထဲကနေ ချောင်းမြောင်းပစ်ခတ်ခဲ့ကြတာပါ။
ဒီ ချောင်းမြောင်း တိုက်ခိုက်မှုအတွင်း လုံခြုံရေးပူးပေါင်းတပ်ဖွဲ့ဘက်က အရာရှိ ၁ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၃ ဦး၊ ရဲတပ်ဖွဲ့ဝင် ၂ ဦးနဲ့ အုန်းပင်ရွာအုပ်ချုပ်ရေးမှူးတို့ သေဆုံးခဲ့ပြီး ရဲတပ်ဖွဲ့ဝင်တစ်ဦးက ဒဏ်ရာတွေနဲ့ လွတ်မြောက်သွားတယ်လို့ People’s Defence Organization – Oktwin က ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် MA – 3 ၁ လက်၊ MA – 11 ၁ လက်၊ G 3 ၂ လက် ၊ အူဇီ ၁ လက်၊ MA ကျည်ဘောက်မျိုးစုံ ၁၀ ခု၊ လက်ပစ်ဗုံး ၁ လုံး၊ ဓားမြောင် ၂ ချောင်းတို့ကို သိမ်းဆည်းရခဲ့တယ်လို့ ဆိုပါတယ်။
အုတ်တွင်း PDF တွေ ချောင်းပစ်တဲ့ သံတိုင်ခင်ကျေးရွာဟာ ရန်ကုန် – မန္တလေး လမ်းဟောင်းအနီးက အုတ်တွင်းမြို့နဲ့ ကပ်လျက်ရွာလို့လည်း သိရပြီး ဒီတိုက်ပွဲမှာ အမှောင်ထဲက ချောင်းပစ်တဲ့ အုတ်တွင်း PDF တွေက ထိခိုက်မှုမရှိဘူးလို့ဆိုပါတယ်။
People’s Defence Organization – Oktwin ထုတ်ပြန်ထားတဲ့ပုံမှာတော့ လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦး၊ အရပ်ဝတ်တစ်ဦး သေဆုံးနေပုံနဲ့ သေနတ်ငါးလက်၊ ကျည်ဘောက် ၁၀ ခု၊ ကျည်မျိုးစုံပုံတွေလည်း ဖော်ပြထားတာ တွေ့ရပြီး သေဆုံးသူ ခြောက်ဦးဖြစ်စဥ် မှန် မမှန်ကိုတော့ MT News က ဆက်လက် အတည်ပြုနေပါတယ်။