၁၉.၁.၂၀၂၅
Written By Zun
မြန်မာနိုင်ငံ၊ ကရင်ပြည်နယ်၊ မြဝတီကျားဖြန့်လုပ်ငန်းမှ ထွက်ပြေးသည့် အင်ဒိုနီးရှားနိုင်ငံသား ၃၂ ဦးကို ထိုင်းတပ်မတော်ကဖမ်းမိထားကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။
ယင်းတို့ကို ယနေ့ ဇန်နဝါရီလ ၁၉ ရက် နံနက် တစ်နာရီမထိုးမီ(ဇန်နဝါရီလ ၁၈ ရက် ည သန်းခေါင်ကျော်) အချိန်က ထိုင်းနိုင်ငံ၊ တာ့က်ခရိုင်၊ မဲဆောက်မြို့နယ်၊ ထာ့ဆိုင်လွှက်ကျေးရွာအုပ်စု၊ ဝမ်းစကင်းကျေးရွာအနီးတွင် ဖမ်းမိခြင်း ဖြစ်ကြောင်း သိရသည်။
မဲဆောက်ခရိုင်၊ သစိုင်းဆောင်မြို့နယ်၊ ဘန်ဝမ်တာခန်တိုင်ကျေးရွာ၊ အမှတ် (၇) နယ်မြေအတွင်း ယမန်နေ့ ဇန်နဝါရီလ ၁၈ ရက် ညအချိန် ကင်းလှည့်ဆောင်ရွက်ရာ မြန်မာနိုင်ငံဘက်မှ ဝင်ရောက်လာသည့် အဆိုပါ တရားမဝင် နယ်စပ်ဖြတ်ကျော် အင်ဒိုနီးရှားနိုင်ငံသား အမျိုးသား ၃၀ ဦး နှင့် အမျိုးသမီး ၂ ဦးတို့ကို ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဖမ်းခံရသော အင်ဒိုနီးရှားနိုင်ငံသားများက ၎င်းတို့အနေဖြင့် မြဝတီဒေသရှိ ကျားဖြန့်လုပ်ငန်းတွင် ဆက်လက် လုပ်ကိုင်လိုခြင်းမရှိတော့သည့်အတွက် နေရပ်နိုင်ငံသို့ ပြန်ရန် ယခုကဲ့သို့ အရဲစွန့် ထွက်ပြေးလာခြင်းဖြစ်ကြောင်း ထွက်ဆိုသည်ဟု ထိုင်း တပ်မတော်၏ ထုတ်ပြန်ချက်ကို ကိုးကား၍ ဒေသတွင်း သတင်းများက ဖော်ပြကြသည်။
ယခုအခါ အဆိုပါ အင်ဒိုနီးရှားနိုင်ငံသားများအား မဲဆောက်ရဲစခန်း၌ ထိန်းသိမ်းဖမ်းဆီးထားကာ ထိုင်းနိုင်ငံ ဥပဒေအရ အရေးယူဆောင်ရွက်သွားမည် ဖြစ်ပြီး ဥပဒေအတိုင်းလုပ်ဆောင်ပြီးပါက နှစ်နိုင်ငံအစိုးရချင်း ချိတ်ဆက် ပို့ဆောင်မည် ဖြစ်ကြောင်း သိရသည်။