၁၉.၁.၂၀၂၅
Written By Thandar
အောင်ခေတ်မင်း ရုပ်ရှင်ထုတ်လုပ်ရေးက စီစဉ်ရိုက်ကူးမယ့် ထူးခြားတဲ့ ဇာတ်လမ်းပုံစံ “လမ်းသရဲ” ရုပ်ရှင်ဇာတ်ကားကြီး ကန်တော့ပွဲပေး အခမ်းအနားကို ယနေ့ ဇန်နဝါရီ ၁၉ ရက် နံနက် ၉ နာရီက ရန်ကုန်မြို့ အလုံမြို့နယ်ရှိ အိမ်တော်ရာဘုရားမှာ ကျင်းပခဲ့ရာ အနုပညာရှင်များစွာ တက်ရောက်ခဲ့ပါတယ်။
“လမ်းသရဲ ရုပ်ရှင်ဇာတ်ကားက ၇ နှစ်အတွင်းမှာ ပြင်ပမိတ်ဆွေထုတ်လုပ်ရေးနဲ့ ပထမဆုံးပြန်ရိုက်ဖြစ်တဲ့ကားလည်းဖြစ်ပါတယ်။ ဒီဇာတ်က ကျွန်တော်ရိုက်ချင်တဲ့ ဇာတ်လမ်းပုံစံထဲမှာ ပါပါတယ်။ အဲဒါကြောင့်လည်း ဒီဇာတ်လမ်းလေးကို လက်ခံရိုက်ကူးဖြစ်တာပါ။ ပါဝင်မယ့် သရုပ်ဆောင်တွေကိုတော့ အောင်ခေတ်မင်း ရုပ်ရှင်ထုတ်လုပ်ရေးကပဲ ရွေးချယ်ထားတာပါ။ ဒီကားလေးက လမ်းသရဲ ဆိုတဲ့အတိုင်း ဘယ်လိုဇာတ်လမ်းပုံစံလေး ဖြစ်မလဲဆိုတာ ပရိသတ်စောင့်ကြည့်အားပေးရမှာပါ။ ဇာတ်လမ်းထွက်လာရင်လည်း စောင့်ကြည့်အားပေးကြပါဦး”လို့ ဒါရိုက်တာ ညိုမင်းလွင်က ပြောပါတယ်။
ဒီရုပ်ရှင်ဇာတ်ကားကြီးကို ဇာတ်လမ်းညီရဲမင်း၊ ဇာတ် ညွှန်း ဒေါင်းဒင်္ဂါးက ရေးသားပြီးတော့ DOP အကယ်ဒမီ တင်ဆန်း၊ ဒါရိုက်တာ အကယ်ဒမီ ညိုမင်းလွင်က လာမယ့် ရက်အနည်းငယ်အတွင်းမှာ စတင်ရိုက်ကူးသွားမှာလည်းဖြစ်ပါတယ်။
သရုပ်ဆောင်တွေအနေနဲ့ ကျော်ထက်ဇော်၊ သျှင်းမြတ်၊ ခြူးလေး၊ သီဟအောင်၊ နေဝန်း၊ ထူးနိုင်လင်း၊ သွန်းသစ္စာဇော်၊ ဆက်ယွန်းတွယ်တာ ၊ ဇော်ဝင်းမောင်၊ အကယ်ဒမီ ဝါဝါအောင်၊ စိုးမိုးကြည်၊ ရွှေကိန္နရီနဲ့ အနုပညာရှင်များစွာက ပါဝင်သရုပ်ဆောင်ကြမှာလည်းဖြစ်ပါတယ်။
“ဒီကားထဲမှာတော့ ဆက်ယွန်းကို အရင်တုန်းက မြင်နေကြ ကာရိုက်တာပုံစံလေးနဲ့ မတူဘဲ ထူးထူးခြားခြားလေး မြင်ရမှာပါ။ ဒီကားက ဆက်ယွန်းရဲ့ပထမဆုံး ရုပ်ရှင်ဇာတ်ကားကြီးလည်း ဖြစ်တယ်။ ကာရိုက်တာအရဆိုရင်လည်း ကိုယ်မလုပ်ဖူးတဲ့ ပုံစံလေးဖြစ်တယ်။ ဆက်ယွန်းအတွက် ဒီကာရိုက်တာက အရမ်းကို စိန်ခေါ်မှုဖြစ်တဲ့ ကာရိုက်တာလို့ ပြောလို့ရပါတယ်”လို့ သရုပ်ဆောင် ဆက်ယွန်းတွယ်တာက ပြောပါတယ်။