၁၉.၁.၂၀၂၅
Written By Zun
AA က ထိန်းချုပ်စိုးမိုးထားသော ရခိုင်ပြည်နယ် မြောက်ဦးကို လေကြောင်းမှ ဗုံးကြဲခဲ့၍ လူ ၃၀ ခန့်သေဆုံးကာ ဒဏ်ရာရသူ ၂၀ ကျော် ရှိကြောင်း ဒေသတွင်းသတင်းရင်းမြစ်များထံမှ သိရသည်။
ယမန်နေ့ ဇန်နဝါရီလ ၁၈ ရက် ည ၉ နာရီကျော်အချိန် တပ်မတော်က ဂျက်ဖိုက်တာများဖြင့် ပေါင် ၅၀၀ ဗုံးများ သုံးကြိမ်ကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်နယ်အတွင်း စစ်တွေ၊ ကျောက်ဖြူ ၊ မာန်အောင်မြို့နယ်တို့မှလွဲ၍ မြို့နယ်ပေါင်း ၁၄ ခု ကို AA က သိမ်းထားသည်ဆိုသော်လည်း အုပ်ချုပ်၍ မရ ဖြစ်နေကာ တပ်မတော်၏လေကြောင်းမှ ဗုံးကြဲမည်ကိုလည်း စိုးရိမ်နေကြကာ ဒေသတွင်းလုံခြုံမှုအတွက် AA အနေဖြင့် လုပ်ကိုင်ပေးနိုင်စွမ်းမရှိ၍ ဒေသခံများက စိတ်ပျက်နေကြကြောင်း သိရသည်။
အဆိုပါဖြစ်စဥ်ကိုမူ AA အကြမ်းဖက်အဖွဲ့က ပြန်လည်လွှတ်ပေးရန် စီစဉ်ထားသည့် စစ်သုံပန်းယာယီစခန်း ဗုံးကြဲခံရသောကြောင့် ၂၈ ဦးသေဆုံးပြီး ၂၅ဒဏ်ရာရခဲ့ကြောင်း ထုတ်ပြန်ဖော်ပြထားသည်။ သို့သော် အဆိုပါဖြစ်စဥ်မှာ AA လက်နက်ကိုင်များနှင့် မိသားစုင်များစခန်းချရာကိုသာ ကြဲချခြင်းဖြစ်ကြောင်းလည်း တပ်မတော်သတင်းရင်းမြစ်များက ဖော်ပြသည်။
“AA အနေနဲ့ ပြန်လွှတ်ပေးဖို့ လုပ်ထားတယ်လို့ ပြောတာက အခုလို ဗုံးကြဲခံရလို့ သေတဲ့သူတွေ ရှိလို့သာ ပြောတာပါ။ အမှန်က လူသားဒိုင်းလုပ်ထားတာ ဖြစ်ပါတယ်။ AA အနေနဲ့ လူသားဒိုင်းလုပ်တာက ပုံစံတစ်ခုလို ဖြစ်နေပါပြီ။ ကျွန်တော်တို့ ပြောပြချင်တာက AA အနေနဲ့ ဟိုမြို့ သိမ်းတယ်၊ ဒီမြို့သိမ်းတယ်သာပြောတာလေ။ ရေပြင်ကိုလည်း မစိုးမိုးနိုင်၊ ဝေဟင်ကိုလည်းမစိုးမိုးနိုင်၊ ရေပြင်ကိုမစိုးမိုးနိုင်တာကြောင့် ကုန်သွယ်ရေးလုပ်လို့မရ၊ ဝေဟင်ကို မစိုးမိုးနိုင်တာကြောင့် အုပ်ချုပ်လို့မရ။ ဒါကြောင့် AA က သိမ်းတယ်ဆိုတာ အလကားပဲ ဖြစ်တယ်။ သူတို့အဖွဲ့က သိမ်းတယ်ပြောလေ ဒေသခံတွေ သေကြေဒုက္ခရောက်တာများလေ။ ဒါကြောင့် ကျွန်တော်တို့ ရခိုင်သူရခိုင်သား တွေ စဉ်းစားကြစေလိုပါတယ်”ဟု ရခိုင်အမျိုးသားညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးကို လုပ်ဆောင်နေသူတစ်ဦးက MT News ကို ပြောသည်။