၁၉.၁.၂၀၂၅
Written by Hey Mar
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းမြို့နယ်၊ ဆတ်သွားမြို့က ပွဲရုံပိုင်ရှင်တွေရဲ့ပျောက်ဆုံးနေတဲ့သားငယ်ကို မနေ့က ဇန်နဝါရီလ ၁၈ ရက်နေ့မနက်အစောပိုင်းပြန်လည်တွေ့ရှိခဲ့ကြပြီး ကလေးမှာ လည်ပင်းကြိုးနဲ့ ညှစ်သတ်ဖို့ကြိုးပမ်းထားတဲ့ ကြိုးရစ်ချည်လျှက်သား တန်းလန်းနဲ့လယ်ကွင်းထဲမှာ ပြန်လည်တွေ့ရှိရတာဖြစ်ကြောင်း ကလေးရဲ့ ဆွေမျိုးသားချင်းမိသားစုဝင်တစ်ဦးက MT News ကိုပြောပြပါတယ်။
ဖြစ်စဉ်အကျဉ်းကတော့ ဇန်နဝါရီလ ၁၇ ရက်နေ့ ညနေ သုံးနာရီကျော်အချိန်က ကလေးငယ် မူကြိုကျောင်းဆင်းချိန်မှာ ပြန်ပေးဆွဲ ခံလိုက်ရတာလို့ သိရပါတယ်။ ကလေးတက်နေတဲ့ မူကြိုနဲ့ အိမ်နဲ့က ကိုက် ၁၀၀ လောက်သာကွာဝေးပြီး ကလေးကိုပြန်ပေးဆွဲသွားသူက အရင် ကလေးမိဘတွေရဲ့ ပွဲရုံမှာ အလုပ်လုပ်ကိုင်ဖူးသူ ကလေးမိခင်ဘက်က ဆွေရိပ်မျိုးရိပ် မကင်းသူလို့ လက်ရှိအချိန်မှာတော့ ဖော်ထုတ်သိရှိရပြီလည်း ဖြစ်ပါတယ်။
“ကျောင်းဆင်းချိန်မှာ ကလေးကို လာကြိုတဲ့ပုံစံမျိုးနဲ့ ဦးလေးအရုပ်ဝယ်ပေးမယ်ဆိုပြီး ခေါ်သွားတာတဲ့။ ကလေးက အဲ့အချိန်ထဲကပျောက်သွားတာ။ ပျောက်သွားတော့ ဒီဘက်ကမိဘတွေကလည်း နယ်မြေခံရဲတပ်ဖွဲ့ဝင်တွေဆီ အကြောင်းကြားတာပေါ့။ အမှုဖွင့်တာတွေလုပ်ပြီး လိုက်ကြတာပေါ့။ ရဲတပ်ဖွဲ့တွေကလည်း နယ်မြေခံတပ်ဖွဲ့တွေနဲ့ တပ်မတော်သားတွေပူးပေါင်းပြီး အကုန်လုံးကလည်း ကူညီပေးတယ်။မနက် ငါးနာရီလောက်ထိ လိုက်ရှာကြတာပေါ့။ တစ်ဖက်ကပြန်ပေးသမားကလည်း ကျွန်တော်တို့ကို ခြိမ်းခြောက်တဲ့ ဖုန်းမက်ဆေ့ချ်တွေပို့တယ်။ လူအပိုခေါ်လာရင် သတ်ပစ်မှာတွေ၊ ပိုက်ဆံ သိန်း နှစ်ထောင့်ငါးရာ တောင်းတယ်။ ကလေးအသက်ရှင်ဖို့ အကုန်လုပ်ပေးမယ်ဒီဘက်ကလည်း” လို့ ဖြစ်စဉ်ဖြစ်ပွားချိန်က သူတို့ ပူပန်လုပ်ဆောင်ခဲ့ရပုံကို ကလေးရဲ့အရင်းနှီးဆုံးဆွေမျိုးသားချင်းတွေထဲက အမျိုးသားတစ်ဦးက ပြောပါတယ်။
ဒါပေမယ့် တစ်ဖက်ပြန်ပေးသမားရဲ့ဆက်သွယ်လာတဲ့ ဖုန်းကို ရဲတပ်ဖွဲ့ဝင်တွေက ခြေရာခံမိပြီး ဖုန်းနံပါတ် တည်နေရာအတိုင်း လိုက်လံစုံစမ်းရာ တိမ်းရှောင်သွားပြီး ကလေးကိုသတ်ထားခဲ့တာမှာ ကလေးက အသက်မသေဘဲ မိဘတွေဆီ ပြန်လည်ရှာဖွေတွေ့ရှိကာ ရောက်ရှိလာခဲ့တာပါ။ ပြန်တွေ့ချိန်မှာတော့ ကလေးငယ်ဟာ မကွေးတိုင်းရဲ့ဆောင်းတွင်းအေးအေးမှာ မူကြိုကျောင်းယူနီဖောင်း ဘောင်းဘီ၊ ရှပ်အင်္ကျီလက်တိုအပါးနဲ့ စိုစွတ်နေတဲ့ လယ်ကွင်းပြင်ထဲ လည်ပင်းမှာ ကြိုးရစ်ပတ်လျှက်သား အခြေအနေဖြစ်နေတယ်လို့ လည်း သိရှိရပါတယ်။
“နဂိုကတည်းကလည်း သူက ဒီကလေးက သူ့ကိုသိတော့ သူက သတ်ပစ်ဖို့ပေါ့။ သတ်မှာ။ ဒီကလေးကိုသတ်ပြီးတော့ တနေရာရာမှာထားထားမယ်။ ပြီးလို့ရှိရင် ပိုက်ဆံတောင်းမယ်။ ရရင် ဒီကောင်ကပြေးမယ်ဆိုတဲ့အနေအထား၊ အဲမှာဒီကောင်က အဲလို လုပ်ထည့်လိုက်တာ။ လုပ်ပြီး လယ်ကွင်းထဲမှာထားခဲ့တာ။ တစ်ညလုံး။ ကျွန်တော်တို့အညာဆောင်းက အရမ်းအေးတယ်။ လယ်ကွင်းတွေမှာက အစိုဓာတ်တွေပြန်နေတာ။ဘောင်းဘီတိုလေးနဲ့ အင်္ကျီလက်ပြတ်လေးနဲ့ နေရတာ သူ့မှာ။ လည်ပင်းမှာကလည်း ကြိုးကွင်းကြီးစည်းထားပြီးတော့ သူ့မှာ။ လူကြီးတစ်ယောက်ပဲ ဖြစ်ကြည့်ဦး။ အဲလို လည်ပင်းကြိုးကွင်းအစည်းကြီးနဲ့ကို ခုနစ်နာရီ၊ရှစ်နာရီလောက် ကလေးက နေလိုက်ရတယ်” လို့ ကလေးရဲ့ ဆွေမျိုးသားချင်းအမျိုးသားတစ်ဦးက MT News ကို ပြောပြပါတယ်။
ကလေးကို ထင်းခုတ်သမားက ဖွက်ထားတဲ့ ချုံပုတ်ထဲမှာ တွေ့ပြီး အကြောင်းကြားပေးလို့ ကလေးကိုပြန်လည်တွေ့ရှိခဲ့ကာ၊ တွေ့ရှိချိန်မှာ နှိပ်စက်ထားတဲ့ ဒဏ်ရာဒဏ်ချက်တွေက နှာခေါင်းသွေးထွက်၊ မျက်လုံး၊ နားတွေထဲက သွေးထွက်ဒဏ်ရာတွေ ရရှိထားပြီး၊ ကလေးကငိုတဲ့အတွက် မျက်နှာကိုမြေကြီးနဲ့တိုက်ချတာ၊ နောက်ကျောတွေကို ထိုးကြိတ်ကန်ကြောက်တာ၊ သတ်ပစ်ပြီးတော့ ကလေးအောက်စီဂျင်ပြတ်ပြီး သတိလစ််သွားချိန်မှာ၊ ကလေးကို သေမသေ ဆေးလိပ်မီးနဲ့ ထိုးကြည့်တာ၊ ကန်ကျောက်တာ စတာတွေ လုပ်ပုံရကြောင်းလည်း ကလေးရဲ့မျက်မြင်တွေ့ရတဲ့ ဒဏ်ရာအခြေအနေတွေ အကြောင်းကို ကလေးဆွေမျိုးက MT News ကိုပြောပြပါတယ်။
သူက ဆက်လက်ပြီး“ ကလေးက အခုမှ အသက်က ငါးနှစ် ခုနစ်လသားလေးပါ။ တစ်ညလုံး ညအေးအေးကြီးမှာ လည်ပင်းအစ်လျှက်သားအခြေအနေနဲ့ သူနေခဲ့ရတာ။ ခေါင်းကိုလည်း မအော်နိုင်အောင်၊ အင်္ကျီနဲ့ အတင်းအကျပ် ပတ်ထားသေးတယ်။ ကလေးမိခင်က ကလေးနဲ့အတူ ညတိုင်းပရိတ်ပဌာန်းရွတ်တော့ ကလေးက ပဌာန်းကအစ နှုတ်တိုက်ရနေတာ။ သူ့ကိုရိုက်နေတော့ ကြောက်လို့ ၂၄ ပစ္စည်း ရွတ်နေတယ်။ ဖေဖေမေမေကျန်းမာပါစေလို့ သင်ပေးထားတာတွေ သူရွတ်နေတာကို ပြန်ပြောပြတယ်”လို့ အသက်ဘေးက လွတ်လာတဲ့ ကလေးရဲ့အခြေအနေက ကိုးကွယ်ရာဘာသာတရားရဲ့ အဆုံးအမကံကြောင့်လည်း ပါဝင်တယ်လို့ ယုံကြည်ပုံကိုပြောပြပါတယ်။
ကလေးကို ပြန်ပေးဆွဲသူဟာ ရဲမင်းထက်ဆိုသူ အသက်နှစ်ဆယ့်ငါးနှစ်အရွယ်လူငယ်ဖြစ်ပြီး ကလေးမိခင်နဲ့ ဆွေရိပ်မျိုးရိပ် မကင်းသူကို ပွဲရုံမှာ ခေါ်ယူစေခိုင်းနေရာပေးထားခဲ့တာပါ။ ဒါပေမယ့် လွန်ခဲ့တဲ့ သုံးလလောက်ကပဲ ငွေကြေးကိစ္စနဲ့ ပွဲရုံမှာမထားတော့သူလို့လည်း သိရပါတယ်။ မိဘတွေကို ရန်ငြိုးဖွဲ့ကာ ကလေးကိုပြန်ပေးဆွဲ ဆဲဆိုရိုက် နှိပ်စက်ခဲ့တာလည်းဖြစ်ကြောင်း၊ သေပြီအထင်နဲ့ ပစ်ထားခဲ့ကာ သူက အိမ်မှာအခြေအနေမပျက် ပြန်နေထိုင်နေတာလည်း ဖြစ်ကြောင်း တရားခံဖမ်းမိစဉ်က အခြေအနေတချို့ကို လည်း အဆိုပါမိသားစုဝင်က ပြောပြလို့ သိရှိရပါတယ်။
“အခု ကလေးက တောင်တွင်းဆေးရုံကနေ နေပြည် တော်ကုတင် (၁၀၀၀) ကို လွှဲလိုက်လို့ မနေ့ကတည်းက တက်ရောက်ကုသနေပါတယ်။ ကြိုးနဲ့ ညှစ်သတ်ထားတဲ့ဒဏ်ကြောင့် လည်ပြွန်က အပြင်းအထန်ထိခိုက်ထားတယ်။ ကျန်တဲ့ပြင်ပဒဏ်ရာတွေ အတွင်းဒဏ်ရာတွေအတွက်လည်း ဘာတွေထိခိုက်ထားမှန်းမသိလို့ ဆရာဝန်တွေက သေချာစစ်ဆေးကုသနေပါတယ်။ တရားခံဖမ်းမိထားပေမယ့် ဆေးစာမထွက်သေးတော့ အမှုမတည်ဆောက်ရသေးပါဘူး” လို့ ကလေးမိသားစုဝင်က ပြောပြပါတယ်။ လက်ရှိမှာတော့ ကလေးငယ်မှာ ကျောကုန်းကို ဆေးလိပ်မီးနဲ့ ထိုးထားတဲ့ ဒဏ်ရာတွေကြောင့် ပက်လက်နေထိုင်လို့ မရသလို လည်ပင်းထိခိုက်ဒဏ်ရာကြောင့်လည်း အစာ မျိုလို့မရဘဲ ကြောက်လန့်နေတဲ့ ဝေဒနာခံစားနေရတယ်လို့ သိရပါတယ်။