၁၉. ၁. ၂၀၂၅
Written by Thettant
ကမ္ဘာတဝှမ်းကလူထုအကြား အသုံးပြုမှုများပြားတဲ့ TikTok ဟာ အမေရိကန်အစိုးရတားမြစ်ချက်ကြောင့် ဒီနေ့ ဇန်နဝါရီ ၁၉ ရက်ကစ အသုံးမပြုနိုင်တော့ပါဘူး။
Tiktok ဟာ ဒီနေ့မနက်မှာ အရေးကြီး နောက်ဆုံးအခြေအနေရှင်းပြချက်တစ်ခုကို သူ့ကွန်ရက်မှာ လွှင့်တင်ခဲ့ပြီး ဒီလို ရပ်ဆိုင်းမှုအပေါ် ရှင်းပြရာမှာလည်း” ဇန်နဝါရီ ၁၉ ရက်နေ့မှာ အာဏာတည်တဲ့ TikTok ကို ရပ်ဆိုင်းပစ်ဖို့နဲ့ဝန်ဆောင်မှု ယာယီဆိုင်းငံံ့ရမယ်ဆိုတဲ့ အမေရိကန်ပြည်ထောင်စုရဲ့ ဥပဒေကို လိုက်နာရပါကြောင်းနဲ့ အမေရိကန်ပြည်ထောင်စုအတွင်း TikTok ဝန်ဆောင်မှုကို တတ်နိုင်သရွေ့ ဆောလျှင်စွာ ပြန်လည်ရရှိစေဖို့ လုပ်ဆောင်လျှက်ရှိသလို ကျွန်ုပ်တို့အပေါ် သင်၏ ထောက်ခံမှုအား အလေးအနက်ထားရှိပါတယ်။ ကျေးဇူးပြု၍ စောင့်မျှော်ပေးပါ” ဖော်ပြပြီး TikTok ရပ်ဆိုင်းသွားခဲ့တာလည်းဖြစ်ပါတယ်။
TikTok ဟာ မြန်မာနိုင်ငံမှာလည်း လူသုံးများတဲ့ လူမှုကွန်ရက်ဖြစ်ပြီး လူကြီးလူငယ်မရွေးနာမည်ကျော်ဖို့အသုံးချတဲ့ ကြားခံဆက်သွယ်ရေးကိရိယာအဖြစ်အသုံးချနေတာဖြစ်ပြီး အခုရပ်ဆိုင်းသွားတဲ့ TikTok ဟာ အမေရိကန်အပြင် မြန်မာနိုင်ငံမှာလည်း ဒီနေ့ကစ အသုံးပြုမရတော့ဘဲ “ဝမ်းနည်းပါတယ်။ Tik Tok ကို ယခု အသုံးပြုလို့ မရနိုင်ပါ။ အမေရိကန်မှာ TikTok ကို တားမြစ်တဲ့ ဥပဒေ ကံမကောင်းစွာနဲ့ ပြဋ္ဌာန်းလိုက်ပါတယ်။ ဒါကြောင့် သင်ဟာ အခုအချိန်မှာ TikTok ကို အသုံးမပြုနိုင်တော့ပါ။ ကံကောင်းထောက်မစွာနဲ့ ရွေးကောက်ခံသမ္မတ Trump က TikTok ကို ပြန်လည်နေရာချထားရေးအတွက် ဖြေရှင်းချက်တစ်ခုနဲ့ အတူ ပူးပေါင်းဆောင်ရွက်မယ်လို့ ညွှန်ပြထားပါတယ်။ စောင့်မျှော်ပေးပါ”လို့ ဖော်ပြခဲ့တာ တွေ့ရပါတယ်။
TikTok ကို ရပ်ဆိုင်းဖို့ ဒီနေ့အထိ တာဝန်ယူဆဲဖြစ်တဲ့ အမေရိကန်သမ္မတဘိုင်ဒန်က ကြိုးပမ်းခဲ့တာဖြစ်ပေမဲ့ မနက်ဖြန်ကစ တာဝန်ယူမဲ့ တစ်ကျော့ပြန်တာဝန်ယူမယ့် အမေရိကန်သမ္မတသစ် ထရန့်က ဒီတားမြစ်ချက်ကို လက်မခံသလို ကန့်သတ်ချက်ကို ရက် ၉၀ တိုးပေးဖွယ်ရှိတာမို့လို့ TikTok ရပ်ဆိုင်းမှုက ယာယီသာဖြစ်ဖွယ်ရှိပြီး မကြာခင် ပြန်လည် လည်ပတ်တာကို တွေ့မြင်ရမယ့် အခြေအနေပါ။