၁၉.၁.၂၀၂၄
Photo by Thiri
ရန်ကုန်မြို့ပြရဲ့စွန့်ပစ်အမှိုက်တွေက ရပ်ကွက်ချောင်းမြောင်းတွေကနေတစ်ဆင့် ဒီရေ အတက်အကျနဲ့အတူ မြစ်ချောင်းတွေထဲ မျောပါနေတတ်ပါတယ်။
အဲ့ဒီအမှိုက်တွေထဲကမှ ကောင်းနိုးရာရာ ရောင်းချလို့ ရတဲ့ ကော်ဗူး ၊ ကော်ခွက် ၊ ဒန်သတ္တုလို အမှိုက်တွေကို မယုတို့ မိသားစုတို့က ငမိုးရိပ်ချောင်းအတွင်း ဖော့ချပ်ကို ဖောင်လို အသုံးပြုပြီး ရေစုန်ရေဆန် မိုးလင်းမိုးချုပ် ရှာဖွေကြတာပါ။
လောကမှာ ဘယ်အရာမှ လွယ့်လင့်တကူမရရှိနိုင်ဘဲ၊ အလွယ်တကူ ရရှိတယ်ထင်ရတဲ့ ခက်ခဲတဲ့ အလုပ်အကိုင်တစ်ခုဆိုတာကို မယုတို့လို ဖော့ချပ်စီး ပလုံကောက်သူတွေက မီးမောင်းထိုးပြနေပါတယ်။ ငမိုးရိပ်ချောင်းထဲ အဲ့ဒီလို ငွေပြန်ဖော်နိုင်တဲ့ ဖော့ချပ်စီး ပလုံကောက်သူအရေအတွက်က ဒီနှစ်ပိုင်းအတွင်း ဖောင် အစီးရေ ကိုးဆယ်နီးပါးရှိလာပါတယ်။
အများစုက ညအိပ်ကောက်ကြတာဖြစ်ပြီး ယောက်ျားသားတွေလုပ်ကိုင်ကြတာပါ။ မယုလို အိမ်သားက ကျန်းမာရေးမကောင်းလို့ မိခင်တစ်ဦးတည်းက ရုန်းကန်ရတဲ့ မိသားစုမှာတော့ မနက်ရောင်နီလာမှ ချောင်းအတွင်း ဆင်းဝံ့တယ်လို့ ဆိုပါတယ်။ မယုတို့ မိသားစု ငါးဦးက ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ်ရှိ ထားဝယ်ချောင်အမှိုက်ပုံအနီး သဲကွင်းတစ်ဝိုက်မှာ ဟိုဟိုဒီဒီ ပြောင်းရွှေ့တဲထိုးနေထိုင်တာ ဆယ်စုနှစ်တစ်ခုကျော်ပါပြီ။ အရင်က ထားဝယ်ချောင်အမှိုက်ပုံမှာ ပျံကျ အမှိုက်ကောက်တဲ့ အလုပ် လုပ်ပေမယ့်၊ ဒီနောက်ပိုင်း အစိုးရစီမံကိန်းကြောင့် ကန့်သတ်လိုက်တဲ့အခါ၊ ချောင်းထဲမြောနေတဲ့ ပလုံတွေ ရှာဖွေဖို့ ဖြစ်လာခဲ့ရတာပါ။ ဒါပေမယ့် တစ်ရက်ကို ကောက်နိုင်ရင် ကောက်နိုင်သလောက် ဝင်ငွေရရှိတဲ့ ဒီအလုပ်ကို မျက်စိကျသူ များလာပါတယ်။ ဒါ့ကြောင့် ဒီအလုပ်ကို မယု ရေရှည် တိုးတိုက် ဝင်ရောက် လုပ်ကိုင်နိုင်ဖို့တော့ မသေချာတော့တဲ့ အခြေအနေ ဖြစ်နေရပါပြီ။