၁၈.၁.၂၀၂၅
Written by KL
မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ ရဲဘော်ကုန်းရပ်ကွက်၊ အောက်လမ်းမကြီးတွင် ဖြစ်ပွားခဲ့သော သုံးထပ်တိုက်နှင့် SONY လျှပ်စစ်ပစ္စည်းအရောင်းဆိုင် မီးလောင်မှုမှာ ဘတ္ထရီနှင့် အင်ဗာတာ ဖွင့်ထားရာမှ အပူလွန်ကဲ၍ မီးလောင်မှုဖြစ်ပွားခဲ့သည်ဟု စစ်ဆေးတွေ့ရှိခဲ့ကြောင်း စစ်ဆေးသူများ၏ အတည်ပြုချက်အရ သိရသည်။
မီးလောင်မှုမှာ ဇန်နဝါရီလ ၁၇ ရက် မွန်းလွဲ၁နာရီခန့်က ဖြစ်ပွားခဲ့ပြီး ဆိုင်ခန်းအတွင်း ဘတ္ထရီနှင့် အင်ဗာတာ ဖွင့်ထားရာမှ အပူလွန်ကဲ၍ ဆိုင်တွင်းရှိ လျှပ်စစ်ပစ္စည်းများကို မီးကူးစက်ကာ လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ တစ်နာရီခွဲကျော်ကြာ လောင်ကျွမ်းခဲ့သော မီးလောင်မှုကြောင့် သုံးထပ်တိုက်နှင့်အတွင်းပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းဆိုင်တို့ မီးလောင်ဆုံးရှုံးခဲ့သည်။
SONY ဆိုင် မီးလောင်မှုတွင် မီးငြိမ်းခဲ့ပြီးနောက် မီးလောင်ပြင်ကို ရှင်းလင်းစဥ် မီးခံသေတ္တာထဲမှ မီးမလောင်ဘဲ ကျန်ရစ်ခဲ့သည့် ခန့်မှန်းငွေသား ကျပ်သိန်း ၃၀၀ နှင့် ရွှေထည်ပစ္စည်းအချို့ကို မြို့နယ်မီးသတ်ဦးစီးမှူးက ပိုင်ရှင်ထံ ပြန်လည်အပ်နှံပေးခဲ့ကြောင်း မီးလောင်ပြင်သို့ ရောက်ရှိ ကူညီခဲ့သည့် ဘိုဘိုဝင်း လူမှုကူညီရေးအဖွဲ့ထံမှ သိရသည်။
အဆိုပါ မီးလောင်မှုကြောင့် ဆိုင်မန်နေဂျာ ဦးထွန်းအောင်ကို စစ်ကဲကုန်းနယ်မြေရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။
အလားတူ ဇန်နဝါရီလ ၁၇ ရက် ညနေ ၃ နာရီ ၁၅ မိနစ်ခန့်က ဘီးလင်းမြို့နယ်၊ ဘိုးရာဇာရပ်ကွက်၊ မင်္ဂလာဈေးရှေ့ရှိ ဦးမြင့်ကြည်+ဒေါ်နီနီဝင်း “ကုန်စုံဆိုင်”တွင် မိန်းခုံမှအပူလွန်ကဲ၍ အနီးရှိ အရက်၊ ဘီယာဖာများပေါ်သို့ မီးပွားကျပြီး မီးလောင်ကျွမ်းခဲ့ရာ ဆိုင်ခန်းနှင့်အရက်၊ဘီယာဖာများ မီးလောင်ကျွမ်းခဲ့သည်။
မီးလောင်မှုမှာ မိနစ် ၃၀ ကျော် ကြာမြင့်ခဲ့ပြီး မီးငြှိမ်းသတ်ယာဉ် ၂ စီး၊ ရေသယ်ယာဉ် စီးအပြင် သန္ဓေအရန်မီးသတ်တပ်ဖွဲ့ဝင်များက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသည်။ ကုန်စုံဆိုင်မီးလောင်မှုကြောင့် ဆိုင်ပိုင်ရှင် ဦးမြင့်ကြည်ကို ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၈၅ ဖြင့် ဘီးလင်းမြို့မရဲစခန်းက အမှုဖွင့်ခဲ့သည်ဟုလည်း သိရသည်။