
မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းက သင်တန်းပေးနေမှုကို တွေ့ရစဥ် (Photo-MGMA)
၄ .၁၀.၂၀၂၂
Written by Thi Ha
အထည်ချုပ်စက်ရုံကြီးများထံမှ လက်ခစားစနစ်ဖြင့် ပြန်လည်လုပ်ကိုင်ကြသည့် တစ်ပိုင်တစ်နိုင် အသေးစား အိမ်ရုံအထည်ချုပ်လုပ်ငန်းများ ယခုနှစ်အတွင်း ပိုမိုများပြားလာကြောင်း အသေးစားအိမ်ရုံ အထည်ချုပ်လုပ်ငန်း လုပ်ကိုင်သူ လုပ်ငန်းရှင်အသိုင်းအဝိုင်းမှ သိရသည်။
ယခင်က ပြည်ပတင်ပိုသည့်အထည်များကို စက်ရုံမှတစ်ဆင့် လက်ခွဲ ပြန်လည်ချုပ်သူ လုပ်ငန်းရှင်များရှိခဲ့သော်လည်း အရေအတွက် အင်မတန်နည်းသည်ဟု သိရပြီး ပြည်တွင်းဖြစ် အမှတ်တံဆိပ်တချိုနှင့် ပြည်တွင်း၌သာ ဝတ်ဆင်သည့် အဝတ်အထည်များကိုသာ အများဆုံးအော်ဒါလက်ခံချုပ်လုပ်ကြကာ အသေးစား အိမ်စက်ရုံအထည်ချုပ်တစ်ရုံ ဝန်ထမ်းဦးရေ ၂၀ ဝန်းကျင်ခန့်နှင့် လည်ပတ်ကြသည်။
“အခု ၂၀၂၂ အစပိုင်းလောက်မှာ အိမ်ရုံအတော်များများက စက်ရုံတွေဆီကနေ အော်ဒါ ပြန်လက်ခံပြီးချုပ်လာကြတာ။ ကျားဝတ်ရှပ်၊ မိုးကာ၊ ဂျာကင်၊ အမျိုးသမီးဝတ် ဂါဝန်၊ အနွေးထည် စသည်ဖြင့်ပေါ့။ အမျိုးအစား အတော်များများကို စက်ရုံကြီးတွေကသေသပ်မှုအတိုင်းကို အာမခံပေးပြီး ချုပ်လာကြတာပေါ့။ စက်ရုံသုံး မော်တာစက်တွေ ဂျပန်ကွန်တိန်နာကျတွေ တွင်တွင်ကျယ်ကျယ်တင်လာတော့ ငွေအရင်းအနှီး နိုင်နင်းလာကြတာလဲ တစ်ပိုင်းပေါ့။ နောက်တစ်ခုက စက်ရုံတွေမှာကြ အလုပ်ရှင်အလုပ်သမား ပြဿနာတွေ၊ သူတိုရဲ့ စက်ရုံမ,တည်မှုအပိုင်း စက်မှုဇုန်မြေနေရာက အစပေါ့လေ။ ဈေးနှုန်းတွေအဆမတန် ဖြစ်လာကြတော့ ဒီလို အိမ်ရုံ ၂ ရုံ၊ ၃ ရုံလောက်ကို ပြည်ပက အော်ဒါလက်ခံပြီး လက်ခွဲချပေးလိုက်တာက သူတို့အတွက်လဲ ပို အသက်ရှုချောင်ကြတာပေါ့” ဟု မဂ်လာဒုံမြိုနယ်မှ မိုးကာအင်္ကျီ Export အထည်ချုပ်လုပ်သည့် အိမ်စက်ရုံပိုင်ရှင်တစ်ဦးက MT News ၏မေးမြန်းမှုကို ဖြေကြားသည်။
ထိုင်းနိုင်ငံ မဲဆောက်မြို့ရှိ အထည်ချုပ်စက်ရုံတွင် ရှစ်နှစ်ကျော် အလုပ်လုပ်ကိုင်ခဲ့ပြီး ပြည်တွင်း၌ တစ်နိုင်တစ်ပိုင်အိမ်ချုပ်အထည်ချုပ်စက်ရုံ တည်ထောင်လုပ်ကိုင်နေသည့် မြောက်ဥက္ကလာမှ လုပ်ငန်းရှင်တစ်ဦးကလည်း “အထည်က မပြတ်ရတယ်။ အလုပ်သမားဆိုတာလည်း အမြဲလိုနေတာပဲ။ လတိုင်းဝန်ထမ်းခေါ်ရတယ်။ ဝန်ထမ်းကလည်း ဘယ်အိမ်ရုံက ပိုပေးလဲ။ ဘာဝန်ဆောင်မှုတွေပေးသေးလဲ ကြည့်နေတာ။ သာတဲ့ဆီ ထွက်သွားကြတာပဲ။ အဲ့ဒါကြောင့် ဒီမှာဆို နယ်က လာတဲ့သူတွေဆို နေစရာ ပေးတယ်။ ဆန်ပေးတယ်။ လစဥ်လည်း လိုအပ်တာတွေ အကြွေးရောင်းပေးရတာပေါ့။ လစာထဲကပြန်ဖြတ်တဲ့စနစ် လုပ်ထားရတယ်။ လစာကတော့ စက်ရုံတွေမှာ ပေးသလို ပွိင့်တွေနဲ့ရှင်းတာလဲရှိတယ်။ စက်ရုံတွေထက်မနည်းပါဘူး” ဟု ဆိုသည်။
လှိုင်သာယာ၊ ရွှေပြည်သာနှင့် မင်္ဂလာဒုံစက်မှုဇုန်များရှိ အထည်ချုပ်လုပ်ငန်းများမှာ ၂၀၁၉-၂၀၂၀ ကိုဗစ်ကပ်ရောဂါ အခြေအနေများကြောင့် ပိတ်သွားခဲ့သည့် စက်ရုံများလည်းရှိပြီး ၂၀၂၁ နိုင်ငံရေး ပဋိပက္ခများအကြား မီးရှို့ဖျက်ဆီးခံရကာ အပြီးတိုင်ပိတ်သိမ်းသွားသည့် စက်ရုံများလည်းရှိခဲ့သည်။ ယခုအခါ ပြည်ပမှ CMP စနစ်ဖြင့် ချုပ်လုပ်သည့် အထည်ချုပ်လုပ်ငန်းများ ရပ်တန့်မသွားဘဲ ဆက်လက်တောင့်ခံရပ်တည်နိုင်ရေးအတွက် စက်ရုံအမည်ခံပြီး အော်ဒါရယူကာ ပြည်တွင်းအသေးစား အလတ်စားလုပ်ငန်းရှင်များနှင့် ပူးပေါင်းလုပ်ဆောင်နေရကြောင်းလည်း သိရသည်။