၁၈. ၁. ၂၀၂၅
Written by Thettant
တရုတ်သရုပ်ဆောင် ဝမ်ရှင်း (Xingxing) ကို မြန်မာနိုင်ငံ မြဝတီမြို့မှာရှိတဲ့ Apollo Park ဆီ လူကုန်ကူးမှုနဲ့ ဆက်နွှယ်သူ ၁၂ ဦးကို ထိုင်းနဲ့တရုတ် နှစ်နိုင်ငံ ပူးပေါင်းဖမ်းဆီးထားတယ်လို့ သိရပါတယ်။
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိဟာ ဇန်နဝါရီ ၁၆ ရက်က တရုတ်နိုင်ငံဆိုင်ရာ အာဆီယံနိုင်ငံ ၁၀ နိုင်ငံက သံတမန်တွေနဲ့ တွေ့ဆုံပြီး လတ်တလောကာလအတွင်း ထိုင်း-မြန်မာ နယ်စပ်ဒေသတစ်လျှောက် ဆိုးရွားတဲ့ အွန်လိုင်းလောင်းကစားနဲ့ ဆက်သွယ်ရေးလိမ်ညာမှုတွေ ဆက်တိုက်ဖြစ်ပွားခဲ့လို့ တရုတ်နိုင်ငံအပါအဝင် နိုင်ငံအသီးသီးက ပြည်သူတွေ ကိုယ်ကျိုးစီးပွားကို ခြိမ်းခြောက်ထိခိုက်လာလို့ အွန်လိုင်းလောင်းကစားနဲ့ ဆက်သွယ်ရေးလိမ်ညာမှုကို ပြတ်ပြတ်သားသားတိုက်ဖျက်ဖို့ ပြောခဲ့သလို တရုတ်နိုင်ငံကလည်း အာဆီယံနိုင်ငံတွေနဲ့အတူ ပူးပေါင်းဆောင်ရွက်မယ်လို့ ပြောခဲ့အပြီးမှာ တရားခံ ၁၂ ဦး ဖမ်းဆီးမိကြောင်း ထုတ်ပြောလာတာပါ။
၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၉ ရက်မှာ ဝမ်ရှင်းဟာ Wechat မှာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ဆီ သွားရောက်ပြီး ဗီဒီယိုရိုက်ကူးရမယ့် အလုပ်ခေါ်စာကိုတွေ့ရှိလို့ ခေါ်စာပါ အကြောင်းအရာအတိုင်း ဒုတိယဒါရိုက်တာ “ယန်စီလျို့” ကို ဆက်သွယ်ပြီး ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ဆီ သွားရောက်ရိုက်ကူးရေးကိစ္စအတွက် ညှိနှိုင်းခဲ့ပြီး ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၃ ရက် နံနက်ခင်းမှာ ဝမ်ရှင်းဟာ ထိုင်းနိုင်ငံ ဘန်ကောက်လေဆိပ်သို့ ရောက်ရှိပြီးနောက် “ယန်စီလျို့” စီစဉ်တဲ့ကားနဲ့ စီးနင်းလိုက်ပါခဲ့ရာကထိုင်း-မြန်မာ နယ်စပ်ကနေ မြန်မာနိုင်ငံ မြဝတီက Apolo Park ကို ပို့ဆောင်ခံခဲ့ရပြီး “ဟွမ်ရာ့” “ခိုင်ရွှမ်” စတဲ့ ဆက်သွယ်ရေးလိမ်ညာမှုဇုန်များစွာထံ ထပ်မံရောင်းစားခံလိုက်ရတာပါ။
အဲဒီနောက် ပြည်သူ့လုံခြုံရေးအဖွဲ့အစည်းက အဆက်အသွယ်ပြတ်တောက်၊ ပိတ်မိနေသူတွေကို အစွမ်းကုန်ရှာဖွေ ကယ်ဆယ်ဖို့ကြိုးပမ်းခဲ့သလို တစ်ချိန်တည်းမှာ အမှုစုံစမ်းစစ်ဆေးရေးလုပ်ငန်းကိုလည်း တစ်ပြိုင်နက်တည်း လုပ်ဆောင်ခဲ့လို့ မြန်မာနိုင်ငံ မြဝတီမြို့မှာ ခိုအောင်းနေပြီး နယ်စပ်ဖြတ်ကျော် လူကုန်ကူးမှု သီးသန့်လုပ်ဆောင်တဲ့ ရာဇဝတ်ဂိုဏ်းကို သဲလွန်စအရ ဖော်ထုတ်တွေ့ရှိခဲ့တာပါ။ ၂၀၂၄ ခုနှစ် ဒီဇင်ဘာကစလို့ အဆိုပါရာဇဝတ်ဂိုဏ်းဟာ Wechat Group များစွာမှာ သရုပ်ဆောင်၊ မော်ဒယ်၊ ရိုက်ကူးရေးအဖွဲ့ဝန်ထမ်း အလုပ်ခေါ်တဲ့ အချက်အလက်အတု ထုတ်ပြန်ပြီး လာရောက်ဖို့ဆန္ဒရှိသူတွေကို လေယာဉ်လက်မှတ်ဝယ်ပေးတာ၊ ဟိုတယ်ဘိုကင် လုပ်ပေးတာ၊ ကားစီစဉ်ပေးတာ စတဲ့ နည်းလမ်းတွေနဲ့ ထိုင်းနိုင်ငံပြည်တွင်းကို လိမ်လည်ခေါ်ဆောင်ပြီး မြန်မာနိုင်ငံ၊ မြဝတီကို ထပ်မံပို့ဆောင်ကာ ဆက်သွယ်ရေးလိမ်ညာမှုဇုန်များစွာထံ လူကုန်ကူးခဲ့တယ်လို့ သိခဲ့ရတာပါ။
အဲဒီစုံစမ်းစစ်ဆေးမှုအတွင်းမှာပဲ သရုပ်ဆောင် ဝမ်ရှင်း၊ မီးအလှပြပညာရှင် စွန်း၊ မော်ဒယ် ယန်ဇီချီ၊ အမျိုးသမီးငယ် ဝူကျားချီနဲ့ အခြားနှစ်ဦးဖြစ်တဲ့ လျင်နဲ့ ရွှီတို့ကို အောင်မြင်စွာကယ်ဆယ်နိုင်ခဲ့ပြီး တရုတ်နိုင်ငံကို ဘေးကင်းစွာပြန်လည်ပို့ဆောင်နိုင်ခဲ့ပါတယ်။
ဒါ့အပြင် ဒီ လူကုန်ကူးမှုနဲ့ ဆက်နွှယ်ပြီး သံသယရှိတဲ့ ရာဇဝတ်ဂိုဏ်းဝင် ပြည်တွင်းပြည်ပမှာ ပြစ်မှုကျူးလွန်တယ်လို့ သံသယရှိသူ ၁၂ ဦးကို တရုတ်-ထိုင်း ရဲတပ်ဖွဲ့တွေက ပူးပေါင်းဖမ်းဆီးထားပြီး အခြား ပြစ်မှုကျူးလွန်ရာမှာပါဝင်တယ်လို့ သံသယရှိသူတွေကိုပါ လိုက်လံဖမ်းဆီးနေတာပါ။
ဒါ့အပြင် ပြည်ပရောက် အဆက်အသွယ်ပြတ်တောက်၊ ပိတ်မိသူတွေကို ဆောလျင်စွာ ရှာဖွေကယ်ဆယ်ရေးအတွက် ဘက်စုံညှိနှိုင်းလုပ်ဆောင်ဖို့ တရုတ်နိုင်ငံ ပြည်သူလုံခြုံရေးဝန်ကြီးဌာနက ဒေသအသီးသီးမှာရှိ တဲ့ ပြည်သူ့လုံခြုံရေးအဖွဲ့အစည်းများစွာကို ဖြန့်ကြတ် စီမံထားပြီးဖြစ်သလို ပြည်သူ့လုံခြုံရေးအဖွဲ့အစည်းတွေက နယ်စပ်ဖြတ်ကျော် ဆက်သွယ်ရေး အွန်လိုင်းလိမ်လည်မှုတွေကို ပြင်းထန်စွာ ဖိအားပေး ဆက်လက် တိုက်ဖျက်လျက်ရှိသလို မျက်ခြည်မပြတ်စောင့်ကြည့်ပြီး အထူးတိုက်ဖျက်ရေးလှုပ်ရှားမှုများစွာကို နက်ရှိုင်းစွာ ဖော်ဆောင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
Ref, Xinhua & SCMP