၁၈.၁.၂၀၂၅
Translated by Htwe Ko Tun
အစ္စရေးအစိုးရက အပစ်အခတ်ရပ်စဲရေးနဲ့ ဓားစာခံလဲလှယ်ရေးအတွက် အစ္စရေးနဲ့ ဟားမားစ်တို့အကြား ရရှိထားတဲ့သဘောတူညီချက်ကို ခုနစ်နာရီကျော်ကြာ ငြင်းခုန်ဆွေးနွေးခဲ့ကြပြီးတဲ့နောက် ဇန်နဝါရီလ ၁၈ ရက် နံနက် ၁ နာရီမှာ အတည်ပြုခဲ့ကြတယ်လို့ သိရပါတယ်။
အစ္စရေးအစိုးရအတွင်း သဘောတူညီချက်ကို မဲခွဲဆုံးဖြတ်ခဲ့ကြရာမှာ ဝန်ကြီး ၂၄ ဦးက ထောက်ခံခဲ့ပြီး ဝန်ကြီး ရှစ်ဦးကတော့ ကန့်ကွက်မဲပေးကာအတည်ပြုနိုင်ခဲ့ကြတာလို့ သိရပါတယ်။ ခုလိုအတည်ပြုနိုင်ခဲ့တာကြောင့် သဘောတူညီချက်အရ ဇန်နဝါရီလ ၁၉ ရက်မှာ စတင်အကျိုးသက်ရောက်ဆောင်ရွက်နိုင်ဖို့ လမ်းဖွင့်ပေးလိုက်သလိုလည်း ဖြစ်ခဲ့ပါတယ်။
သဘောတူညီချက်အရ ဂါဇာဒေသမှာ ၁၅ လကြာပဋိပက္ခအပြီး ဟားမားစ်တို့ ဖမ်းဆီးထားဆဲဖြစ်တဲ့ အစ္စရေးဓါးစာခံ ၃၃ ဦးကို အစ္စရေးထောင်တွေထဲက ပါလက်စတိုင်းအကျဉ်းသားတွေနဲ့ လဲလှယ်သွားကြမှာပါ။ သဘောတူညီချက်အရ ခြောက်ပတ်ကြာကာလအတွင်း ပထမအဆင့်ဖြစ်တဲ့ ဓားစာခံတွေနဲ့ အကျဉ်းသားတွေလဲလှယ်ကြမှာပါ။
အစ္စရေးတပ်ဖွဲ့တွေက ဂါဇာဒေသရဲ့ လူနေထူထပ်တဲ့နေရာတွေက ပြန်လည်ဆုတ်ခွာပေးမှာဖြစ်ပြီး နေအိမ်တွေကို စွန့်ခွာပြေးခဲ့ကြတဲ့ ပါလက်စတိုင်းတွေလည်း သူတို့အိမ်တွေကို ပြန်လာနိုင်ဖို့ စတင်ခွင့်ပြုမှာပါ။ အထောက်အပံ့ပစ္စည်းတွေတင်ဆောင်ထားတဲ့ လော်ရီကားတွေကိုလည်း ဂါဇာဒေသအတွင်း နေ့စဉ်ဝင်ရောက်ခွင့် ပြုရမှာပါ။
သဘောတူညီချက်ရဲ့ဒုတိယအဆင့်အတွက် ညှိနှိုင်းဆွေးနွေးမှုတွေကိုတော့ သဘောတူညီချက် ပထမအဆင့်စတင်အကောင်အထည်ဖော်လို့ ၁၆ ရက်မြောက်နေ့မှာ ပြုလုပ်သွားကြမှာပါ။ ဒီအဆင့်မှာတော့ ကျန်ရှိနေတဲ့ ဓားစာခံတွေ ဆက်လက်လွှတ်ပေးဖို့၊ အစ္စရေးတပ်ဖွဲ့တွေ လုံးဝဆုတ်ခွာဖို့နဲ့ ဂါဇာဒေသ အေးချမ်းမှု ပြန်လည်တည်ဆောက်ရေးတို့ကို ဆောင်ရွက်ကြမယ်ဆိုပါတယ်။
နောက်ဆုံးတတိယအဆင့်ကတော့ ဂါဇာဒေသပြန်လည်တည်ဆောက်ရေးဖြစ်လို့ နှစ်တွေနဲ့ ချီပြီးကြာမှာဖြစ်ပြီး ဓားစာခံတွေရဲ့ အလောင်းတွေပြန်ပို့ပေးရေးလည်းပါမယ်လို့ သိရပါတယ်။
Ref-bbc