၁၈.၁.၂၀၂၅
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်မြောက်ပိုင်းရှိ ကမ္ဘာ့အကြီးဆုံး ဘတ္ထရီစက်ရုံမှာ ဇန်နဝါရီလ ၁၆ ရက် ညကစလို့ မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ မီးလောင်မှုကြောင့် လေထုထဲကို အဆိပ်အတောက်ဖြစ်စေတဲ့ မီးခိုးတွေလည်းထွက်လာခဲ့တာကြောင့် လူ ၁,၅၀၀ လောက်ကို ဘေးလွတ်ရာနေရာတွေကို ရွှေ့ပြောင်းပေးခဲ့ရပါတယ်။
Moss Landing နယ်မြေမှာရှိတဲ့ Vista Energy ဘတ္ထရီစက်ရုံရဲ့ ဘတ္ထရီသိုလှောင်ရုံမှာ လောင်ကျွမ်းခဲ့တဲ့ အဲဒီမီးကြောင့် ကြီးမားတဲ့မီးတောက်နဲ့ မီးခိုးတွေ ဇန်နဝါရီလ ၁၆ ရက်ညမှာ ထွက်လာခဲ့ပေမယ့် ဇန်နဝါရီလ ၁၇ ရက် နံနက်ပိုင်းမှာတော့ သိသိသာသာလျော့ပါးသွားခဲ့ပြီလို့ Monterey ခရိုင်မှ မီးသတ်အရာရှိ ဂျိုးလ်မန်ဒိုဇာ ကပြောခဲ့ပါတယ်။ ဒါပေမယ့် မီးလောင်မှုမှာ ထိခိုက်ဒဏ်ရာရမှုမရှိဘူးလို့တော့ သိရပါတယ်။
ဇန်နဝါရီလ ၁၇ ရက် နံနက်မှာပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းပွဲမှာတော့ Monterey ခရိုင်မှ ကြီးကြပ်ကွပ်ကဲသူ ဂလင်းချာ့ချ်က “ဒါက သာမန်မီးလောင်မှုလို့ မဆိုနိုင်ဘူး။ စက်မှုလုပ်ငန်းတွေအတွက် နှိုးဆော်သတိပေးချက်တစ်ရပ်ပဲ။ ရေရှည်တည်တံ့တဲ့စွမ်းအင်ကို ကျွန်တော်တို့ ရှေ့ဆက်အသုံးပြုမယ်ဆိုရင် လုံခြုံစိတ်ချရတဲ့ ဘတ္ထရီစနစ်ဖြစ်ရမယ်”လို့ပြောခဲ့ပါတယ်။
လီသီယမ် ဘတ္ထရီတွေက ဓာတ်အားလိုင်းကိုပိုလို့တည်ငြိမ်စေပြီး စွမ်းအင်လိုအပ်ချက်အတွက် ရုပ်ကြွင်းလောင်စာအပေါ်ပဲ မှီခိုနေရတာကို လျော့ကျစေပါတယ်။ ဒါပေမယ့် မီးစွဲလောင်နိုင်လို့ ပူပြင်းတဲ့အဆိပ်ဓာတ်ငွေ့တွေ ထွက်လာစေနိုင်ပါတယ်။ ဒါကြောင့်လည်း ကျွမ်းကျင်သူတွေက ကာဘွန်ထုတ်လွှတ်မှုလည်းလျော့စေလို့ လီသီယမ်ဘတ္ထရီတွေက မရှိမဖြစ်လိုတဲ့ ဘေးကင်းတဲ့နည်းပညာတွေဖြစ်တယ်။ ဒါပေမယ့် ပျက်စီးရင် ဒါမှမဟုတ် အပူလွန်ကဲရင် မီးလောင်နိုင်တယ်လို့ ပြောခဲ့ကြပါတယ်။
အခု မီးလောင်မှုမှာတော့ အကြောင်းရင်းကို ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။ ဒေသခံတစ်ဦကတော့ မီးသတ်ဌာနမှာ ဒီလိုလောင်ကျွမ်းမှုမျိုးကို ငြှိမ်းသတ်ဖို့သင့်တော်တဲ့ မီးငြှိမ်းသတ်ဆေးမျိုးရှိပုံမပေါ်ဘူး လို့ ပြောခဲ့ပါတယ်။
အဲဒီဘတ္ထရီစက်ရုံက ဆန်ဖရန်စစ္စကိုမြို့တောင်ဘက် မိုင် ၈၀(ကီလိုမီတာ ၁၃၀) အကွာမှာရှိပြီး လက်ရှိလောင်ကျွမ်းနေတဲ့ လော့စ်အိန်ဂျယ်လ်တောမီးတွေနဲ့တော့ ဝေးကွာတယ်လို့ သိရပါတယ်။
Ref- AP