◾ အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုများကြောင့် ယာယီနေရပ်စွန့်ခွာနေကြရသည့် ပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးရန်ပုံငွေမှ လိုအပ်သည့်ထောက်ပံ့မှုများ ဆောင်ရွက်ပေးရန် စီစဥ်နေ
MT News
၁၇. ၁. ၂၀၂၅
ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် လွှတ်တော်များတွင် အဆင့်နှင့်အညီ လွှတ်တော်အစည်းအဝေးလုပ်ဆောင်နိုင်စွမ်း ရှိရမည်ဖြစ်ပြီး သိက္ခာရှိသည့်လွှတ်တော်ဖြစ်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့ကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြားစဥ် ထည့်သွင်းပြောကြားသည်။
လွတ်လပ်၍တရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်ရာတွင် တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး SAC အစိုးရ၏ ရှေ့လုပ်ငန်းစဉ်များအနက် နောက်ဆုံးအချက်ဖြစ်သည့် လွတ်လပ်၍ တရားမျှတသည့် အထွေထွေရွေးကောက် ပွဲတစ်ရပ် ကျင်းပနိုင်ရေးအတွက် လူဦးရေနှင့်အိမ် အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကိုဆောင်ရွက်ခဲ့ရာ ကောက်ခံရရှိသည့် အချက်အလက်များအရ လူဦးရေအနေဖြင့် ကျဆင်းလျက်ရှိပြီး ၅၁ သန်းကျော်ခန့်သာရှိသည်ကို တွေ့ရှိရကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
အဆိုပါ အခြေအနေများမှာ မွေးဖွားနှုန်းကျဆင်းခြင်း၊ အကြောင်းအမျိုးမျိုးဖြင့် ပြည်ပနိုင်ငံများသို့ ထွက်ခွာသူများပြားလာခြင်း၊ အကြောင်းအမျိုးမျိုးဖြင့် သေဆုံးမှုများရှိခြင်းတို့ကြောင့် ဖြစ်ကြောင်း၊ လူဦးရေကျဆင်းမှုကြောင့် ပြည်တွင်း လုပ်သားများရှားပါးလာကြောင်း၊ အလားတူရွေးကောက်ပွဲကျင်းပရာ၌လည်း အတိုင်းအတာတစ်ခုအနေဖြင့် သက်ရောက်မှုများရှိလာနိုင်ကြောင်း၊ ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်ရာတွင် တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ ရွေးကောက်ပွဲကျင်းပနိုင်သည့်အခြေအနေမျိုးဖြစ်ရန်အတွက် ဖိဖိစီးစီးဖြင့် ဆက်လက်ဆောင်ရွက်ကြစေလိုကြောင်း၊ ပြည်သူ့ လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် လွှတ်တော်များတွင် အဆင့်နှင့်အညီ လွှတ်တော်အစည်းအဝေးလုပ်ဆောင်နိုင်စွမ်း ရှိရမည်ဖြစ်ပြီး သိက္ခာရှိသည့်လွှတ်တော်ဖြစ်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်းလည်း SAC ဥက္ကဋ္ဌက မှာကြားသည်။
ထို့အပြင် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးနှင့်ပတ်သက်၍ သဘာဝ ဘေးအန္တရာယ်ကျရောက်မှုတွင်ပါဝင်သည့် အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုများကြောင့် ယာယီနေရပ်စွန့်ခွာနေကြရသည့် ပြည်သူများအတွက်လည်း အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးရန်ပုံငွေမှ လိုအပ်သည့်ထောက်ပံ့မှုများ ဆောင်ရွက်ပေးရန်စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း SAC ဥက္ကဋ္ဌက ထည့်သွင်းပြောကြားသည်။
ထိုသို့ဆောင်ရွက်ရာတွင် တိုင်းဒေသကြီးနှင့်ပြည်နယ်များအလိုက် စာရင်းများကောက်ယူ၍ ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံ့စီးပွားတိုးတက်ရေး၊ အခြေခံပြည်သူလူထု၏ သက်သာချောင်ချိရေး အတွက် မိမိတို့အနေဖြင့် မဖြစ်မနေ ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း၊ နိုင်ငံရေးသည် စီးပွားရေးမဟုတ်သော်လည်း စီးပွားရေးသည် နိုင်ငံရေးနှင့် နိုင်ငံ့အရေးပင်ဖြစ်ကြောင်း၊ စီးပွားရေးအားကောင်းမှသာလျင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ကာကွယ်ရေး အဘက်ဘက်မှ အားကောင်း လာမည်ဖြစ်သဖြင့် နိုင်ငံ့စီးပွားရေး အားကောင်းအောင် အားလုံးမှ ဝိုင်းဝန်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်းလည်း SAC ဥက္ကဋ္ဌက မှာကြားခဲ့သည်။