၁၇.၁ ၂၀၂၅
Written by Shwe Phyo
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ လူဝင်မှုကြီးကြပ်ရေးအာဏာပိုင်များနှင့် ရဲတပ်ဖွဲ့သည် ထိုင်းနိုင်ငံတွင် အလုပ်လုပ်နေသော မြန်မာနိုင်ငံသားတစ်ဦးနှင့်အတူအခြား မြန်မာနိုင်ငံသား ၁၃ ဦးကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။
အမျိုးသား ၆ ဦးနှင့် အမျိုးသမီး ၇ ဦးပါဝင်သော မြန်မာနိုင်ငံသားအုပ်စုသည် ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်ရန် ကြိုးပမ်းလာခဲ့သူများဖြစ်ပြီး ထိုင်းနိုင်ငံတွင် အလုပ်လုပ်နေသော မြန်မာနိုင်ငံသားတစ်ဦးနှင့်အတူ အခြား မြန်မာနိုင်ငံသား ၁၃ ဦးကို ချင်းမိုင်းမြို့ရထားဘူတာတွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
၎င်းတို့သည် ဘန်ကောက်မြို့ Krungthep Aphiwat ဘူတာရုံသို့သွားရောက်ရန် စီစဉ်ထားခြင်းဖြစ်ရာ ချင်းမိုင် မီးရထားဘူတာရုံတွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း၊ အဆိုပါမြန်မာနိုင်ငံသားများသည် မိသားစုဝင်များဖြစ်ပြီး မြန်မာနိုင်ငံသား ၁၃ ဦးက ထိုင်းနိုင်ငံတွင် ရှင်သန်နေထိုင် အလုပ် လုပ်ကိုင်ရန်အတွက် မြန်မာနိုင်ငံရှိပိုင်ဆိုင်မှုများကို ရောင်းချပြီး ထိုင်းနိုင်ငံသို့ လာရောက်ခြင်းဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့၏ စစ်တမ်းများတွင် ဖော်ပြထားသည်။
ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာသူများကို တွေ့မြင်ခဲ့ကြောင်း သတင်းပေးချက်ကို လက်ခံရရှိခဲ့ပြီးနောက် ချင်းမိုင်မြို့ ရဲမှူးကြီး Suthirathep Phothinarimit ဦးဆောင်သောအဖွဲ့က သွားရောက်စစ်ဆေးဖမ်းဆီးခဲ့ခြင်းမျိုးဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံသား ၁၃ ဦးက ၎င်းတို့သည် တာချီလိတ်မြို့မှ ထိုင်းနိုင်ငံသို့ တောလမ်းမှတစ်ဆင့် တရားမဝင် ဝင်ရောက်ခဲ့ကြောင်း၊ ချင်းမိုင်မြို့သို့ ထပ်မံသွားရောက်ရန်အတွက် ပစ်ကပ်ကားဖြင့် ညအချိန်တွင် ခရီးထွက်လာခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။ ချင်းမိုင်မြို့သို့ ရောက်ရှိလာချိန်တွင် အိမ်တစ်လုံး၌ နေထိုင်ခဲ့ရပြီး တည်နေရာကို သိရှိမည် စိုးရိမ်သည့်အတွက် ဖုန်းများ သိမ်းယူခံရကြောင်း၊ ချင်းမိုင်မြို့မှတစ်ဆင့် လေးဘီးကားဖြင့် ချင်းမိုင်ဘူတာရုံသို့ ထပ်မံသွားရောက်ခဲ့ရကြောင်း၊ ဘန်ကောက်မြို့တွင် အလုပ်လုပ်ရန်အတွက် ပွဲစားခအဖြစ် ထိုင်းဘတ် ၉၅၀၀ ပေးခဲ့ရကြောင်း ဖမ်းဆီးခံရသော မြန်မာနိုင်ငံသားတစ်ဦးက ပြောသည်။
ချင်းမိုင်ရဲစခန်းသည် မြန်မာနိုင်ငံသား ၁၄ ဦးကို စုံစမ်းစစ်ဆေးပြီးနောက် ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်မည်ဖြစ်ကာ မိခင်နိုင်ငံသို့ ပြန်ပို့မည်ဖြစ်ကြောင်း သိရသည်။
Ref Thailandnews