၁၇.၁.၂၀၂၄
Written by Hey Mar
လသားအရွယ် ကလေးငယ်ပိုက်ပြီး အလုပ်လိုက်လံရှာဖွေစဉ် ကလေးမိခင် သတိလစ်လဲကျခဲ့တဲ့အတွက် လူမှုကူညီရေးအသင်းတွေက ဝိုင်းဝန်းပူးပေါင်းကူညီကာ အိမ်တိုင်ရာ ရောက် ဒီကနေ့ ဇန်နဝါရီ ၁၇ ရက်နေ့မှာ လိုက်လံပို့ဆောင်ပေးခဲ့ရတယ်လို့ အောင်ရဲသူ လူမှုကူညီရေး အသင်းထံကနေ သိရပါတယ်။
အမျိုးသမီးငယ်မှာ အသက် နှစ်ဆယ်ကျော် အစိတ်နီးပါးအရွယ်လို့ ခန့်မှန်းရပြီး နှစ်လသားအရွယ် ရင်ခွင်ပိုက်ကလေးကိုချီလျက် ထမင်းဆိုင်နဲ့ စားသောက်ဆိုင်တချို့၊ နေအိမ်တချို့မှာ သူ့ကို အလုပ်ခိုင်းဖို့ လိုက်လံ ပြောပြအကူအညီ တောင်းပေမယ့် အလုပ်မရတာ၊ ငွေအကြွေပေးလိုက်တာမျိုးသာ ကြုံတွေ့ရပြီး၊ တောင်းရမ်းဖို့လည်း မရဲတာကြောင့် နှစ်ရက်ခန့် အစာရေစာ ပြတ်လပ်ကာ၊ ကန်တော်ကြီးပတ်လမ်းပေါ်ရှိ ကန်တော်ကြီးပဲလေ့စ် ဟိုတယ်အနီး သတိလစ် လဲကျခဲ့တာလို့ သိရပါတယ်။
အောင်ရဲသူ လူမှုကူညီရေးအသင်းတာဝန်ရှိသူက” ကျွန်တော်တို့ EMS လိုင်းပေါ် အဲ့သည့် ဖြစ်စဉ်တက်လာတော့ နယ်မြေမတူပေမယ့် အသင်းတွေက တတ်နိုင်သလောက် ဝိုင်းဝန်းငွေလှူဒါန်းကြတယ်။ ကျွန်တော်က သွားခေါ်လာပြီး အိမ်အထိ လိုက်ပို့တယ်။ သူနေတာက ဒဂုံဆိပ်ကမ်း (၆၀)ရပ်ကွက်က ကျူးထဲမှာ အိမ်ခန်းငှားနေတာ။ အဆင်မပြေတဲ့ ဒုက္ခကြုံနေရတဲ့ ကလေးမိခင် အမှန်ပါ။ ဆေးအကူက ပြုစုပေးတော့ ကလေးနို့တိုက်ရတာနဲ့ အစာမစားရတာနဲ့ သူအာဟာရပြတ်နေတာ ” လို့ MT News ကို ပြောပါတယ်။
ကလေးဖခင်က အရက်နဲ့ အခြားမူးယစ်ဆေးတွေ သုံးစွဲပြီး သူ့ကို မကြာခဏ ရိုက်နှက်အနိုင်ကျင့်တတ်တာကိုလည်း အောင်ရဲသူ လူမှုကူညီရေးအသင်းက ရပ်ကွက်ထဲ လိုက်လံပို့စဉ် ကြားသိအတည်ပြုနိုင်ခဲ့ပြီး အခုလို သူမူးလဲရာ နေရာအထိရောက်ရှိခဲ့ရတာကလည်း ကလေးဖခင် ရိုက်နှက်လို့ အိမ်က ထွက်လာရာက ဖြစ်တာ ဖြစ်ကြောင်းလည်း ကလေးမိခင်က လူမှုကူညီရေးအသင်းသားတွေကို ပြောပြပြီး ဖြစ်တယ်လို့ သိရှိရပါတယ်။
“ကျွန်တော်တို့ မေးကြည့်တော့ သူ့မှာ တစ်နှစ်အရွယ် သမီးလေးလည်း ရှိသေးတယ်။ ကလေးအဖေက နှိပ်စက်တော့ ကလေးကို ထိခိုက်မှာစိုးလို့ လှိုင်သာယာဘက်က အဘွားဆီပို့ထားတယ်တဲ့။ သူပါ ဘာလို့မနေလဲဆိုတော့ ဟိုဘက်ကလည်း မိသားစုတွေများလို့ နေဖို့ခက်တဲ့ ပုံစံ ပြောပြတယ်။ ကျွန်တော်တို့ လူမှုကူညီရေးအသင်း ဆယ့်လေးသင်းစုပြီး ငွေကျပ် တစ်သိန်းခြောက်သောင်းကျော်နဲ့ ကလေးအတွက် နို့မှုန့်အာဟာရ ကူနိုင်ခဲ့ပါတယ်” လို့ အောင်ရဲသူလူမှုကူညီရေး အသင်းမှတာဝန်ရှိသူက ပြောပါတယ်။
ကလေးမိခင် ရေရှည်ဆက်လက်ရပ်တည်နိုင်ရေးနဲ့ တတ်နိုင်တဲ့ အလုပ်အကိုင်တစ်ခုလုပ်ခွင့်ရဖို့ ဆက်လက် အကူအညီပေးနိုင်အောင်လည်း ဝိုင်းကြိုးစားပေးစေချင်ကြောင်း အောင်ရဲသူ လူမှုကူညီရေးအသင်းက MT News ကတစ်ဆင့် မေတ္တာရပ်ခံပါတယ်။