၁၇. ၁. ၂၀၂၅
Written by Nay Moe
ကန်ပက်လက်ကိုသိမ်းယူထားတဲ့ ရခိုင်လက်နက်ကိုင် AA နဲ့ ချင်းညီနောင် (CB)ရဲ့ အဓမ္မစစ်သားစုဆောင်း ဖိနှိပ်မှုအပေါ် ရရာလက်နက်စွဲကိုင်တိုက်ထုတ်မှုနဲ့ တုံ့ပြန်မယ်လို့ ကန်ပက်လက်မြို့နယ် ဌာနေမျိုးနွယ်စုတွေက သဘောထားထုတ်ပြန်ချက် ထုတ်ပြန်လာပါတယ်။
၂၀၂၄ ခုနှစ် ၊ ဒီဇင်ဘာလ ၂၁ ရက်နေ့မှာ တပ်စခန်းတွေကဆုတ်ခွာခဲ့အပြီးမှာ ရခိုင်လက်နက်ကိုင် ULA /AA နဲ့ CDF ကန်ပက်လက် ချင်းညီနောင်အဖွဲ့ဟာ ကန်ပက်လက်မြို့ကိုသိမ်းပိုက်ကြောင်းကြေညာခဲ့ပြီးနောက်မှာ လူတစ်ဦးချင်းရဲ့ မွေးရာပါ လူ့အခွင့်အရေးတွေကို ချိုးဖောက်တာ၊ အတင်းအဓမ္မစစ်သားစုဆောင်းတာ၊ ငွေကြေးကောက်ခံတာ၊ ဌာနေမျိုးနွယ်စုတွေကို ခြိမ်းခြောက်လာတာ၊ ဖမ်းဆီးချုပ်နှောင်တာ၊ စစ်ကြောင်းထိုးတာ၊ ဌာနေမျိုးနွယ်စုတွေရဲ့ ဓလေ့ထုံးတမ်းစဉ်လာ၊ ရိုးရာယဉ်ကျေးမှုနဲ့ အမျိုးဘာသာ သာသနာကို ထိပါးစော်ကားတာတွေကို ကန်ပက်လက်လူထု ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။
ရခိုင် AA နဲ့ ချင်းညီနောင်က ချင်းလူထုအပေါ် ဒီလိုကျူးလွန်တာကို ကန်ပက်လက်မြို့နယ် ဌာနေပြည်သူလူထုက လုံးဝလက်မခံနိုင်တာကြောင့် ဇန်နဝါရီ ၁၂ ရက်နေ့မှာ ပြည်သူလူထုအစည်းအဝေး ပြုလုပ်ပြီး ဆုံးဖြတ်ချက်ချမှတ်ခဲ့ကြသလို ဒီ အစည်းအဝေး ဆုံးဖြတ်ချက်အရ ကန်ပက်လက်မြို့နယ် ဌာနေမျိုးနွယ်စုတွေ ပိုင်ဆိုင်တဲ့ ဘိုးဘွားပိုင်နယ်မြေနဲ့ သဘာဝသယံဇာတတွေကို ဘယ်လို ပုဂ္ဂိုလ် ဘယ် အဖွဲ့အစည်းကမှ ထိပါးတာ၊ ကျူးကျော်တာ မပြုလုပ်ကြဖို့အရေး အများပြည်သူ ကာကွယ်ထိန်းသိမ်းဖို့နဲ့ကန်ပက်လက်မြို့နယ်အရေးကိစ္စကို ကန်ပက်လက်ဌာနေ လူမျိုးနွယ်စုကပဲ ဖြေရှင်းဆောင်ရွက်ကြဖို့ ဆုံးဖြတ်ခဲ့ကြတယ်လို့ ဆိုပါတယ်။
ဒါကြောင့် ရခိုင် ULA / AA နဲ့ CDF ချင်းညီနောင်အဖွဲ့တွေက ကန်ပက်လက် ပြည်သူလူထု ဆုံးဖြတ်ချက်နဲ့ သဘောထားဆန္ဒအပေါ် ဆက်လက်ကျူးလွန်လာရင် ချင်းပြည်သူလူထုက ရရာလက်နက်ဆွဲကိုင် တွန်းလှန်ချေမှုန်းသွားမှာဖြစ်တယ်လို့ ကန်ပက်လက်ဌာနေ မျိုးနွယ်စုက အသိပေးထုတ်ပြန်ထားပါတယ်။
ချင်းပြည်နယ်မှာ AA နဲ့ NUG ကို သစ္စာခံတဲ့ CB မှာ ချင်းလက်နက်ကိုင် CNDF ၊ CDF ကန်ပက်လက်၊ CDF မတူပီ (တပ်မဟာ – ၁)၊ CDF မင်းတပ်၊ မရာလက်နက်ကိုင် MTC/MDF နဲ့ Zoland Defence Force တို့ ပါဝင်ပေမဲ့ချင်းပြည်နယ်မှာ AA နဲ့ NUG ကို သစ္စာခံတဲ့ ချင်းညီနောင် ထက် ချင်းတိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ စုဖွဲ့ထားတဲ့ ချင်းပြည်ကောင်စီ (Chinland Council – CC)ကိုသာ ချင်းတိုင်းရင်းသားတွေက နှစ်လိုကြပြီး ချင်းကျောင်းသူပါမချန် မုဒိမ်းကျင့်နေတဲ့ AA ဟာ ချင်းပြည်က ထွက်ခွာရေး ချင်းအဖွဲ့အစည်းပေါင်းစုံတောင်းဆိုမှုနဲ့ GKO ရဲ့ထုတ်ပြန်မှု၊ ချင်းလူထု ဆန္ဒပြမှုနဲ့ ချင်းပြည်ကောင်စီရဲ့ လက်နက်ကိုင် CNA /CNF မဟာမိတ်တပ်ပေါင်းစုကလည်း AA ကို တိုက်ထုတ်ဖို့ ကြိုးပမ်းနေမှုလည်း ဆင့်ကဲဖြစ်ပွားနေပါတယ်။