MT News
၁၇. ၁. ၂၀၂၅
အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံအကြား ဆောင်ရွက်နေသည့် ကုလားတန်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းတည်ရှိရာ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ကုလားတန်စီမံကိန်း၏ အဓိက အစိတ်အပိုင်းဖြစ်သော စစ်တွေဆိပ်ကမ်းသို့ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး Abhay Thakur က ယမန်နေ့နှင့် ယနေ့ နှစ်ရက်တာ သွားရောက်ပြီး ဆောင်ရွက်ဆဲလုပ်ငန်းများ သုံးသပ်မှုလုပ်ဆောင်ခဲ့ကြောင်း သိရသည်။
၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်နေ့မှ ၁၇ ရက်နေ့အထိ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး၏ ခရီးစဉ်အတွင်းသံအမတ်ကြီး Abhay Thakur သည် မန်နေဂျင်းဒါရိုက်တာ Shri Sunil Mukundan နှင့်အတူ India Ports Global Ltd (IPGL) နှင့် အိန္ဒိယနိုင်ငံသံရုံးမှ တာဝန်ရှိသူများနှင့်အတူ စစ်တွေမြို့သို့ သွားရောက်ခဲ့သည်။
အိန္ဒိယသံအမတ်ကြီးသည် နှစ်နိုင်ငံပူးတွဲလုပ်ဆောင်နေသည့် ကုလားတန်မြစ်ကြောင်း ဘက်စုံသုံး ဖြတ်သန်းသယ်ယူ ပို့ဆောင်ရေးစီမံကိန်း( Kaladan Multi Modal Transit Transport Corridor (KMMTTC)) ၏ အဓိကအစိတ်အပိုင်းဖြစ်သော စစ်တွေဆိပ်ကမ်းသို့ သွားရောက်ကာ ဆိပ်ကမ်းအော်ပရေတာ India Ports Global Limited (IPGL) မှ တာဝန်ရှိသူများနှင့် ဆောင်ရွက်ဆဲလုပ်ငန်းများကို ပြန်လည်သုံးသပ်ခဲ့သည်ဟု သိရသည်။
စစ်တွေဆိပ်ကမ်းသည် ၂၀၂၃ ခုနှစ် မေလတွင် စတင်ဖွင့်လှစ်ပြီးကတည်းက ရိက္ခာ၊ စိုက်ပျိုးရေးသုံးကုန်ပစ္စည်းများ၊ ဆေးဝါးများ၊ စက်သုံးဆီ၊ မော်တော်ယာဉ်များ၊ ဆောက်လုပ်ရေးသုံးပစ္စည်းများ၊ စက်ယန္တရားများ စသည်တို့ကို တင်ဆောင်ကာ ကုန်တင်သင်္ဘောအစီးရေ ၁၅၀ ကျော်ကို ကိုင်တွယ်ဆောင်ရွက်နိုင်ခဲ့သည်။
အဆိုပါ ခရီးစဉ်အတွင်း သံအမတ်ကြီးသည် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်းနှင့် တွေ့ဆုံပြီး နှစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်ရေး စီမံကိန်းများအပြင် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်အောက်ရှိ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မည့် ရခိုင်ပြည်သူလူထု စွမ်းရည်မြှင့်တင်ရေးနှင့် လူသားချင်း စာနာထောက်ထားမှု အကူအညီများဆိုင်ရာ ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
လာမည့်နှစ်များတွင် အိန္ဒိယ-မြန်မာ ချစ်ကြည်ရေးစီမံကိန်းဖြစ်သော စစ်တွေဆိပ်ကမ်းမှတစ်ဆင့် ပြည်တွင်းရေကြောင်း၊ ဒေသတွင်းနှင့် နိုင်ငံတကာ ဆက်သွယ်မှု ပိုမိုအားကောင်းလာစေမည့်အပြင် နှစ်နိုင်ငံပြည်သူများအကြား ကူးလူးဆက်သွယ်မှု၊ ခရီးသွားလာရေးနှင့် အထူးသဖြင့် ရှေးဟောင်းယဥ်ကျေးမှုအမွေအနှစ်ဒေသများ ဖွံ့ဖြိုးတိုးတက်လာစေရေး ဆောင်ရွက်ရန် နှစ်ဖက်စလုံးက သဘောတူညီခဲ့ကြသည်။ ထို့အပြင် ကုလားတန်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး KMMTTC စီမံကိန်း၏ အလားအလာများကို အပြည့်အ၀အသုံးချနိုင်ရေးအတွက် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးသို့ စောလျင်စွာ ပြန်လည်ရောက်ရှိရေးမှာလည်း အရေးကြီးကြောင်း အိန္ဒိယသံအမတ်ကြီးက အလေးပေးပြောကြားခဲ့သည်။