၁၇.၁.၂၀၂၅
Written By Zun
အထောက်အထားမဲ့မြန်မာနိုင်ငံသားများ နယ်စပ်ဖြတ်ကျော်ဝင်လာကြောင်း သတင်းအရ ထိုင်းရဲတပ်ဖွဲ့က စောင့်ဆိုင်းဖမ်းဆီးလိုက်ကြောင်း ဒေသတွင်း သတင်းများအရ သိရသည်။
ယမန်နေ့ ဇန်နဝါရီလ ၁၆ ရက် ည ၁၀ နာရီခွဲခန့်အချိန်က တာ့က်ခရိုင်၊ ဖိုးဖမြို့နယ်၊ ချောင့်ခဲ့ကျေးရွာဘက်မှ အထောက်အထားမဲ့ မြန်မာအလုပ်သမားများ နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာကြောင်း သတင်းအရ ဖိုးဖရဲတပ်ဖွဲ့အနေဖြင့် မဲဆောက်-အုန်းဖန်လမ်း ကီလိုမီတာ ၅၄-၅၅ အကြားတွင် စောင့်ပြီး ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုင်းနိုင်ငံသား ယာဉ်မောင်းဖြစ်သူ အသက် ၄၃ နှစ် အရွယ် မစ္စတာဆိုင်းက မော်ဒယ် Navala အပြာရောင် မှတ်ပုံတင်အမှတ် 2 Thakh-4615 နစ်ဆန်းပစ်ကပ်ထရပ်ကားကို မောင်းနှင်၍ မြန်မာနိုင်ငံသား အမျိုးသား ၁၂ ဦးနှင့် အမျိုးသမီး ၂ ဦး စုစုပေါင်း မြန်မာနိုင်ငံသား ၁၄ ဦးကိုတင်ဆောင်လာစဉ် ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ခြင်းလည်း ဖြစ်သည်။
မြန်မာနိုင်ငံသားများအား ဖမ်းဆီးပြီးနောက် စစ်ဆေးရာ ယင်းတို့တွင် ပတ်စပို့နှင့် အခြားအထောက်အထား စာရွက်စာတမ်းများ လုံး၀မပါရှိကြောင်း သိရသည်။
ယင်းတို့အနေဖြင့် ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်ရန် မြန်မာ နိုင်ငံမှထွက်ခွာလာခြင်းဖြစ်ပြီး ပွဲစားခအနေဖြင့် တစ်ဦးလျှင် အနည်းဆုံး ဘတ် ၁၀၀၀၀၊ အများဆုံး ဘတ် ၁၂၀၀၀ ထိပေးချေရမည်ဖြစ်ကာ ယင်းကုန်ကျစရိတ်များကို အလုပ်ရှင်က လုပ်အားခမှ နုတ်ယူသွားမည်ဟု ပွဲစားများက ပြောဆိုထားကြောင်း သိရသည်။
ယခုအခါ ဖိုးဖ(Phop Phra) ရဲစခန်းတွင် ယင်းမြန်မာနိုင်ငံသား ၁၄ ဦးကို ဖမ်းဆီးချုပ်နှောင်ထားသည့်အပြင် ပစ်ကပ်ကားဖြင့်ခေါ်ဆောင်လာသည့် ထိုင်းနိုင်ငံသား ပွဲစား မစ္စတာဆိုင်း ဆိုသူကိုလည်း တရားမဝင်လူသယ်ပို့မှုဖြင့် အမှုဖွင့်၍ ဥပဒေအတိုင်း လုပ်ဆောင်ရန် စီစဉ်နေကြောင်း သိရသည်။