၁၇. ၁. ၂၀၂၅
Written by Nyein Kyaw
၂၀၂၁ ခုနှစ်နောက်ပိုင်း စီးပွားရေးပိတ်ဆို့မှုများကြောင့် မြန်မာနိုင်ငံအနေဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု (FDI) ဒေါ်လာ ၃ ဘီလျံခွဲကျော်သာ ခွင့်ပြုပေးနိုင်ခဲ့သော်လည်း ယခင်ခွင့်ပြုထားသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်မှုမရပ်တန့်သွား၍ သုံးနှစ်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမှန်ဝင်ရောက်မှု (FDI Flow) မှာ ဒေါ်လာ ၆ ဘီလျံကျော်အထိရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) မှ ထုတ်ပြန်ထားသည့်စာရင်းအရ သိရသည်။
နိုင်ငံရေးပဋိပက္ခများ စတင်ဖြစ်ပွားခဲ့သည့် ၂၀၂၁ ခုနှစ်မှစတင်၍ စီးပွားရေးပိတ်ဆို့မှုများကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှုများလည်း တုံ့ဆိုင်းခဲ့ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု (FDI) ခွင့်ပြုပေးနိုင်မှု ပမာဏမှာလည်း ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ကြားကာလ ခြောက်လတွင် ဒေါ်လာ ၆၄၂ ဒသမ ၀၈၄ သန်း၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၁ ဒသမ ၆၄ ဘီလျံ၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၆၆၁ ဒသမ ၆၂၁ သန်းနှင့် ယခု ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ကိုးလအတွင်း ဒေါ်လာ ၆၃၉ ဒသမ ၉၁၁ သန်းသာ ခွင့်ပြုပေးနိုင်ခဲ့သည်။
သို့သော် ယခင်က ခွင့်ပြုပေးခဲ့သော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု (FDI) များအနေဖြင့် မြန်မာနိုင်ငံအတွင်း ဝင်ရောက်မှု ရပ်တန့်သွားမှုမရှိဘဲ အဆိုပါလုပ်ငန်းများမှ မြန်မာနိုင်ငံအတွင်း အမှန်တကယ် ဝင်ရောက်လုပ်ကိုင်မှုပမာဏမှာ ၂၀၂၁ ခုနှစ် ဒေါ်လာ ၁ ဒသမ ၀၀၅ ဘီလျံ၊ ၂၀၂၂ ခုနှစ်တွင် ဒေါ်လာ ၂ ဒသမ ၉၈၀ ဘီလျံနှင့် ၂၀၂၃ ခုနှစ်တွင် ဒေါ်လာ ၂ ဒသမ ၂၀၄ ဘီလျံအထိ စီးဝင်ခဲ့ကြောင်း သိရသည်။
၂၀၂၁ ခုနှစ်မတိုင်မီကာလများတွင် မြန်မာနိုင်ငံသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံအမှန်ဝင်ရောက်မှု (FDI Flow) မှာ ၂၀၁၆ ခုနှစ်တွင် ဒေါ်လာ ၃ ဒသမ ၈၈၇ ဘီလျံ၊ ၂၀၁၇ ခုနှစ်တွင် ၄ ဒသမ ၈၀၄ ဘီလျံ၊ ၂၀၁၈ ခုနှစ်တွင် ၁ ဒသမ ၇၇၅ ဘီလျံ၊ ၂၀၁၉ ခုနှစ်တွင် ၁ ဒသမ ၇၃၀ ဘီလျံ၊ ၂၀၂၀ ခုနှစ်တွင် ဒေါ်လာ ၂ ဒသမ ၂ ဘီလျံရှိကြောင်း သိရသည်။
ထို့ကြောင့် ၂၀၂၁ ခုနှစ် နိုင်ငံရေးပဋိပက္ခကာလနောက်ပိုင်း လေးနှစ်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု (FDI) ခွင့်ပြုပေးနိုင်မှုမှာ ဒေါ်လာ ၃ ဒသမ ၅၈၄ ဘီလျံသာရှိခဲ့သော်လည်း ယခင်ခွင့်ပြုထားသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု (FDI) လုပ်ငန်းများမှ သုံးနှစ်အတွင်း ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၆ ဒသမ ၁၈၉ ဘီလျံအထိ အမှန်တကယ်ဝင်ရောက်ခဲ့သည်။
မြန်မာနိုင်ငံအနေဖြင့် ၁၉၈၈-၁၉၈၉ ဘဏ္ဍာနှစ်မှ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလကုန်အထိ သီလဝါအထူးစီးပွားရေးဇုန်အပါအဝင် ဝင်ရောက်ထားမှုအပါအဝင် စုစုပေါင်းနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၉၅ ဒသမ ၉၉၆ ဘီလျံ ခွင့်ပြုပေးထားပြီး စွမ်းအင်ကဏ္ဍ၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍနှင့် ကုန်ထုတ်လုပ်မှုကဏ္ဍတို့တွင် အစဉ်လိုက်အများဆုံးခွင့်ပြုပေးထားကြောင်း DICA မှ သိရသည်။