၁၇.၁.၂၀၂၅
Translated by Htwe Ko Tun
အမေရိကန်လေကြောင်းအာကာသကုမ္ပဏီ Space X ရဲ့ ကြီးမားလှတဲ့ Starship အာကာသယာဉ်ကို ဇန်နဝါရီလ ၁၆ ရက်က နောက်ဆုံးပစ်လွှတ်စမ်းသပ်ခဲ့မှုဟာ လွှတ်တင်ပြီး မိနစ်ပိုင်းအကြာမှာပဲ မအောင်မြင်ဘဲဖြစ်ခဲ့ရပြန်ပါတယ်လို့ သိရပါတယ်။
ဘီလျံနာ အီလွန်မာ့စ်ခ်ရဲ့ Space X ကုမ္ပဏီမှ တာဝန်ရှိသူတွေက Starship အာကာသယာဉ်ကို တက္ကဆက်ပြည်နယ်ကနေ ပစ်လွှတ်ခဲ့ပြီးမှာ ပြဿနာတွေဖြစ်လာပြီး အာကာသယာဉ်ရဲ့ အပေါ်ပိုင်းအဆင့်ကို ဆုံးရှုံးခဲ့ရတယ်လို့ ပြောခဲ့ကြပါတယ်။
အာကာသယာဉ်ရဲ့ ပထမအောက်ခြေအပိုင်းဖြစ်တဲ့ ဒုံးပျံအရှိန်အဟုန်မြှင့်တွန်းစက်(Super Heavy Booster)ကတော့စီစဉ်ထားသလိုပဲ သူ့ရဲ့ပစ်လွှတ်စင်ကိုပြန်လည်ရောက်ရှိသွားနိုင်ခဲ့လို့ မြေပြင်ထိန်းချုပ်ရေးအသင်းတွေဆီက လက်ခုပ်သံတွေ ပေါ်ထွက်လာစေခဲ့ပါတယ်။
Space X ရဲ့ Starship ပစ်လွှတ်စမ်းသပ်မှုက Amazon ကုမ္ပဏီရဲ့ပိုင်ရှင်သူဌေးဖြစ်တဲ့ ဂျက်ဖ်ဘီဇို့စ်က ထောက်ပံ့မှုပြုထားတဲ့ Blue Origin New Glenn ဒုံးပျံစနစ် ပထမဆုံးပစ်လွှတ်ပြီး နာရီပိုင်းအကြာမှာ ပြုလုပ်ခဲ့တာလည်း ဖြစ်ပါတယ်။ နည်းပညာကုမ္ပဏီတွေပိုင်ဆိုင်ထားတဲ့ အီလွန်မာ့စ်ခ်နဲ့ ဂျက်ဖ်ဘီဇို့စ် ဘီလျံနာ သူဌေးနှစ်ဦးစလုံးက အာကာသယာဉ်ဈေးကွက်ကို လွှမ်းမိုးနိုင်ဖို့ကြိုးစားနေကြတာပါ။
အာကာသယာဉ်မှာ ဒုံးပျံအရှိန်အဟုန်မြှင့်တွန်းစက်နဲ့ အပေါ်ပိုင်း Starship အာကာသယာဉ် နှစ်ပိုင်းပါတဲ့အနက် ပစ်လွှတ်ပြီး လေးမိနစ်လောက်အကြာမှာ Starship က ဒုံးပျံအရှိန်အဟုန်မြှင့်တွန်းစက်ကနေ စီစဉ်ထားသလို ခွဲထွက်ခဲ့ပါတယ်။ ဒါပေမယ့် ဒီနောက်မှာ Starship နဲ့ မြေပြင်စခန်းတို့ ဆက်သွယ်မှု ပြတ်တောက်ကာ အာကာသယာဉ်ပစ်တင်မှုက မအောင်မြင်ဘဲဖြစ်ခဲ့ရတာပါ။
Space X ရဲ့ Starship အာကာသယာဉ်လွှတ်တင်မှုကိုတိုက်ရိုက်ကြည့်ရှုသူ ၇ ဒသမ ၂ သန်းရှိပါတယ်။
ဘီလျံနာအီလွန်မာ့စ်ခ်ကတော့ “ဒီလိုပါပဲ။ အောင်မြင်မှုဆိုတာမသေချာပါဘူ။ ဒါပေမယ့် ဖျော်ဖြေမှုကိုတော့ အာမခံပါတယ်” လို့ လူမှုကွန်ရက် X မှာရေးခဲ့ပါတယ်။ ဒါက Starship အာကာသယာဉ်ကို ခုနစ်ကြိမ်မြောက်ပစ်လွှတ်စမ်းသပ်ခြင်းလို့လည်း ဆိုပါတယ်။
Ref- BBC