၁၇.၁.၂၀၂၅
Translated by Htwe Ko Tun
အစ္စရေးနဲ့ ဟားမားစ်တို့အကြား အပစ်အခတ်ရပ်စဲရေးနဲ့ ပထမအဆင့်အနေနဲ့ ဓားစာခံတွေနဲ့ အကျဉ်းသားတွေလဲလှယ်ရေးအတွက် သဘောတူညီချက်တစ်ရပ်ကို ကာတာနိုင်ငံမှာကျင်းပတဲ့ ညှိနှိုင်းဆွေးနွေးပွဲမှာ ဇန်နဝါရီလ ၁၅ ရက်ကရရှိခဲ့ပေမယ့် အဲဒီသဘောတူညီချက်ကို အစ္စရေးအစိုးရက မဲပေးအတည်ပြုဖို့ ကိစ္စမှာ နှောင့်နှေးနေတယ်လို့ သိရပါတယ်။
အစ္စရေးအစိုးရအဖွဲ့အစည်းအဝေးကို မူလက ဇန်နဝါရီလ ၁၆ ရက်မှာ ကျင်းပဖို့စီစဉ်ခဲ့တာပါ။ ဒါပေမယ့် ဝန်ကြီးချုပ် နေတန်ရာဟုရဲ့ရုံးက ဒိုဟာမြို့ညှိနှိုင်းဆွေးနွေးပွဲမှာ နောက်ဆုံးအချိန်မှဖြစ်လာတဲ့ အတားအဆီးတွေကို ဖြေရှင်းနေရဆဲလို့ပြောခဲ့ပါတယ်။ ဇန်နဝါရီလ ၁၇ ရက်မှာတော့ ပိုမိုသေးငယ်တဲ့ အစိုးရအဖွဲ့ဝင်တွေရဲ့ အစည်းအဝေးတစ်ရပ်ကျင်းပဖို့ရှိတယ်လို့ ဆိုပါတယ်။
သဘောတူညီချက်ရဲ့ အသေးစိတ်အချက် အများအပြားနဲ့အချိန်ကာလကိုလည်း ရှင်းရှင်းလင်းလင်း ထုတ်ပြန် ပြောကြားခြင်း မရှိသေးပါဘူး။ နေတန်ရာဟု ကတော့ အသေးစိတ်အားလုံးကို အပြီးသတ် မဆောင်ရွက်ရသေးဘဲနဲ့ သဘောတူညီချက်ကို တစ်စုံတစ်ရာမဝေဖန်လိုဘူးလို့ပြောထားပါတယ်။ အမေရိကန်အရာရှိတွေကတော့ သဘောတူညီချက်ကို အစ္စရေးအစိုးရက အတည်ပြုဖို့နှောင့်နှေးနေပေမယ့် ဇန်နဝါရီလ ၁၉ ရက်မှာတော့ သဘောတူညီချက်က စတင်အကျိုးသက်ရောက်နိုင်လိမ့်မယ်လို့ ယုံကြည်တယ်လို့ပြောကြပါတယ်။
ဒါပေမယ့် အစ္စရေးအစိုးရ အမျိုးသားလုံခြုံရေးဝန်ကြီး အီတာမာ ဘန်ဂီဗာ(Itamar Ben Gvir) ကတော့ တကယ်လို့ ဒီသဘောတူညီချက်ကို သဘောတူအတည်ပြုပြီး အကျိုးသက်ရောက်ခဲ့မယ်ဆိုရင် သူ့ရဲ့ ပါတီအနေနဲ ဝန်ကြီးချုပ်နေတန်ရာဟုရဲ့ အစ္စရေးညွန့်ပေါင်းအစိုးရအဖွဲ့မှ နုတ်ထွက်မယ်လို့ ဇန်နဝါရီ လ ၁၆ ရက်က ခြိမ်းခြောက်ပြောကြားခဲ့ပါတယ်။
လက်ယာစွန်း Otzma Yehudit ပါတီအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဘန်ဂီဗာက တခြားလက်ယာစွန်းပါတီတစ်ခုဖြစ်တဲ့ Religious Zionism ပါတီမှအဖွဲ့ဝင် ဘဏ္ဍာရေးဝန်ကြီး စမော့ရစ်ရှ်(Smotrich) ကိုလည်း သူနဲ့ ပူးပေါင်းဖို့ စည်းရုံးနေပါတယ်။ နေတန်ရာဟုအနေနဲ့ သူ့ရဲ့ညွန့်ပေါင်းအစိုးရပြိုလဲမသွားဖို့အတွက် ပါလီမန်မှာ ဒီပါတီနှစ်ခုရဲ့ထောက်ခံမှုကို လိုအပ်နေတာလို့ သိရပါတယ်။
အပစ်အခတ်ရပ်စံရေးသဘောတူညီချက်ကိုဲ ဇန်နဝါရီလ ၁၅ ရက်မှာကြေညာခဲ့ပြီးနောက်မှာပဲ အစ္စရေးက ဂါဇာကမ်းမြောင်ကို ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် အနည်းဆုံး ၈၆ ဦးသေဆုံးပြီး ၂၅၈ ဦးဒဏ်ရာ ရခဲ့သေးတယ်လို့ သိရပါတယ်။
Ref- CNN