၁၆.၁ ၂၀၂၅
Written by Shwe Phyo
ထိုင်းနိုင်ငံ၊ ချာချိုအန်ဆာအို အရပ်ဒေသတွင် ဖြစ်ပွားခဲ့သော ယာဉ်တိုက်မှုကြောင့် မြန်မာနိုင်ငံသားတစ်ဦး သေဆုံးခဲ့ရကြောင်း ထိုင်း သတင်းများတွင် ဖော်ပြထားသည်။
ပါတီပွဲတစ်ခုမှ ဖိုဒ့်အမျိုးအစား ကားမောင်းကာ ပြန်လာခဲ့သော ထိုင်းကျောင်းဆရာမတစ်ဦးဖြစ်သူ ရက်သာနာပွန်သည် မီးပွိုင့် မီးနီနေချိန်တွင် ကားကို ဖြတ်မောင်းလာခဲ့ပြီးနောက် မြန်မာနိုင်ငံသား စီးနင်းလာသောအဖြူရောင်ဟွန်ဒါ ဆိုင်ကယ်ကို ဝင်တိုက်ခဲ့ခြင်းဖြစ်ကြောင်း စီစီတီဗွီ မှတ်တမ်းများတွင် ဖော်ပြသည်။
ဘန်နန် ပရိုင်အို အရပ်ဒေသ ဆူဝက်သာဝေါင် ဈေးအနီးမီးပွိုင့်နားတွင် ဖြစ်ပွားခဲ့သော ကားတိုက်မှုကြောင့်မြန်မာနိုင်ငံသားသည် ပြင်းထန်သောဒဏ်ရာများရရှိကာ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း၊ ဆိုင်ကယ်လည်း ဆိုးရွားစွာပျက်စီးခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က အတည်ပြုထားသည်။
ကားနှင့်ဆိုင်ကယ်တိုက်မိမှုကြောင့် သေဆုံးသွားသူသည် မြန်မာနိုင်ငံသား ကိုမင်းမင်းထွန်း ဆိုသူဖြစ်ပြီး ဆိုင်ကယ်က ဖိုဒ့်ကားရှေ့ အောက်ဘက်တွင် ညပ်သွားခဲ့ကြောင်း ထိုင်းသတင်းများတွင် ဖော်ပြထားသည်။
ဖိုဒ့်ကားကို မောင်းနှင်လာသည့် ကျောင်းဆရာမသည် လက်ရှိအချိန်တွင် ထိုင်းရဲတပ်ဖွဲ့နှင့်ပူးပေါင်း ဆောင်ရွက်နေကြောင်း သိရသည်။ ထိုင်းကျောင်းဆရာမက ပါတီပွဲမှ ပြန်လာခြင်းဖြစ်ရာ ဆိုင်ကယ်ကို မမြင်သည့်အတွက် တိုက်မိခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။ ထိုင်းကျောင်းဆရာမသည် ကားကို အရှိန်မြင့်မောင်းနှင်လာခြင်းဖြစ်ရာ ဆိုင်ကယ်နှင့်လူကို တိုက်မိချိန်တွင် ဆိုင်ကယ်က အဝေးသို့လွင့်ထွက်သွားပြီး မြန်မာနိုင်ငံသား ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း ထိုင်းသတင်းတွင် ဖော်ပြထားသည်။
ထိုင်းရဲတပ်ဖွဲ့သည် ထိုင်းကျောင်းဆရာမ ရက်သာနာပွန်ကို ဆေးရုံသို့ ခေါ်ပြီး မူးယစ်သေစာသုံးစွဲခြင်း ရှိမရှိ စစ်ဆေးနေကြောင်း သိရသည်။
Ref, Thailandnews