၁၆ .၁.၂၀၂၅
Written By Zun
မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ကဥ္စနမဟီရပ်ကွက်၊၇၇ လမ်း၊ ၃၃ လမ်းနှင့် ၃၄ လမ်းကြားရှိ Diamond Plaza တတိယထပ်ပေါ်မှ ပန်းရန်လုပ်နေသည့် သားသမီးနှစ်ဦး၏မိခင်တစ်ဦး ပြုတ်ကျသေဆုံးမှု ယနေ့ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယနေ့ ဇန်နဝါရီလ ၁၆ ရက် ညနေ ၃ နာရီ ၁၅ မိနစ်ခန့်က အဆိုပါ Diamond Plaza အကြီးစားပြင်ဆင်မှုများပြုလုပ်ရာတွင် ဆောက်လုပ်ရေးလုပ်ငန်းလုပ်ကိုင်သည့် ပန်းရံအလုပ်သမားအမျိုးသမီးကြီးတစ်ဦး ပြုတ်ကျသေဆုံးခဲ့ခြင်းဖြစ်သည်။
“သေဆုံးသူက အသက် ၅၂ နှစ်အရွယ်ရှိပါပြီ။ နေတာက မီးရထားတိုက်တန်းကပါ။ သူ့မှာ အသက် ၂၀ လောက်အရွယ် သမီးတစ်ယောက်နဲ့ ၁၀ နှစ်သားအရွယ် သားတစ်ယောက်ရှိတယ်။ Diamond Plaza က ပြန်ပြင်တာ ထင်ပါတယ်”ဟု လိုက်ပါကူညီရာတွင် ပါဝင်သူတစ်ဦးက MT News ကို ပြောသည်။
ယင်းကြောင့် သေဆုံးသူ၏ရုပ်အလောင်းကို သုခဗလ လူမှုကူညီရေးအသင်း၏မော်တော်ယာဥ်ဖြင့် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးထားကာ ရေခဲတိုက်တွင် ထားရှိကြောင်း သိရသည်။
လက်ရှိတွင် ပြုတ်ကျသေဆုံးရသည့်အကြောင်းရင်းကို သက်ဆိုင်ရာက စုံစမ်းစစ်ဆေးနေကြကြောင်းလည်း သိရသည်။