၁၆. ၁. ၂၀၂၅
Written by Nyein Kyaw
လာမည့် ဖေဖော်ဝါရီလမှစတင်၍ ရေထွက်ကုန်ပစ္စည်းတင်သွင်းသည့် သွင်းကုန်လုပ်ငန်းရှင်များ MACCS စနစ်ကို အသုံးပြုဆောင်ရွက်ရမည်ဖြစ်ကြောင်း အကောက်ခွန်ဦးစီးဌာနမှ အသိပေး ထုတ်ပြန်ထားသည်။
ငါးလုပ်ငန်းဦးစီးဌာနသည် ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေး သဘောတူညီချက် (Trade Facilitation Agreement) လုပ်ငန်းစဉ်ပါအတိုင်း စာရွက်စာတမ်းအသုံးပြုမှု လျှော့ချပြီး အီလက်ထရောနစ်စနစ်ဖြင့် လုပ်ငန်းများဆောင်ရွက်ရန်ဟူသော ရည်မှန်းချက်နှင့်အညီ ကုန်သွယ်မှုလုပ်ငန်းများတွင် လိုအပ်သော အချက်အလက်များကို အီလက်ထရောနစ်ဖြင့် ပေးပို့နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလမှစ၍ အကောက်ခွန် ဦးစီးဌာန၏ MACCS စနစ်ကို အသုံးပြု၍ ဆောင်ရွက်သွားမည်ဖြစ်သည်။
သွင်းကုန်လုပ်ငန်းရှင်များအနေဖြင့် ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁၅ ရက်မှစတင်၍ အကောက်ခွန်ဦးစီးဌာနတွင် MACCS User Code နှင့် E-Token များအား Company Letter Head ကတိခံဝန်ချက်လျောက်လွှာ UR-4 Form (www. maccs.gov.mm → MACCS Registration → Form Download) တွင် Download လုပ်ရန်) ၊ လျှောက်ထားသူ၏ မှတ်ပုံတင်(မူရင်း)၊ IE Code (မူရင်း)၊ Application Form (UR-1) ၊ ကုမ္ပဏီမှတ်ပုံတင်လက်မှတ်မူရင်း (Colour ဖြင့်) + Company Extract ပါတွဲရန်၊ ပို့ကုန်/သွင်းကုန်လုပ်ငန်းရှင်လက်မှတ် မူရင်း (Colour ဖြင့်) ပူးတွဲလျှောက်ထားရန် လိုအပ်ကြောင်း အသိပေးထားသည်။ UR Form အား www.maccs.gov.mm website တွင် ဝင်ရောက်၍ Download နိုင်သည်။
ပြည်တွင်းစာသုံးရန်တင်သွင်းမည့် လုပ်ငန်းရှင်များအနေဖြင့် ပြည်ပမှရေထွက်ပစ္စည်းများ တင်သွင်းခြင်းမပြုမီ ကုမ္ပဏီမှတ်ပုံတင်လက်မှတ်၊ ထုတ်ကုန်၊ သွင်းကုန်လုပ်ငန်းမှတ်ပုံတင်၊ အရောင်းအဝယ်စာချုပ်မူရင်း (Origin Sale Contract)၊ ကုန်ထုတ်ပိုးမှု မူရင်း (Invoice / Packing list)၊ ပင်ရင်းဒေသသက်သေခံလက်မှတ် (Certificate of Origin)၊ Health / Sanitary Certificate (မိတ္တူ)၊ မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်၏ ထောက်ခံချက် (မူရင်း) စသည့် အထောက်အထားများအား Myanmar Automated Cargo Clearance System (MACCS) စနစ်တွင် ပူးတွဲလျောက်ထားရမည်ဖြစ်သည်။
ထို့ကြောင့် သွင်းကုန်လုပ်ငန်းရှင်များအနေဖြင့် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလမှစ၍ အီလက်ထရောနစ် စနစ် အသုံးပြုဆောင်ရွက်နိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိရန်လည်း အသိပေး ကြေညာထားသည်။