၁၆ . ၁. ၂၀၂၅
Translated by Thettant
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ် မာမစ်ခရိုင်အတွင်းမှာ ချင်းအမျိုးသားတပ်ဦး (CNF) က ခေါင်းဆောင်တစ်ဦးအပါအဝင် ချင်းစစ်သွေးကြွလက်နက်ကိုင်အနည်းဆုံးငါးဦးကို လက်နက်ခဲယမ်းတွေနဲ့အတူ ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီးမှာ ဖမ်းဆီးရမိခဲ့တယ်လို့ မီဇိုရမ်ရဲတပ်ဖွဲ့ရဲ့ မနေ့ကထုတ်ပြန်ချက်မှာ ဖော်ပြထားမှုအရ သိရပါတယ်။
အိန္ဒိယ-ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီးမှာ CNF ခေါင်းဆောင်အပါအဝင် တပ်ဖွဲ့ဝင်ငါးဦးထက်မနည်းကို အိန္ဒိယ အာဏာပိုင်တွေက ဖမ်းဆီးချိန် AK-47 ရိုင်ဖယ်သေနတ် ၆ လက်၊ ကျည် ၁၀၀၅၀ နဲ့ ကျည်ကပ် ၁၃ ခုတို့ကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပြီး CNF စစ်သွေးကြွတွေကို ဖမ်းဆီးချိန်မှာ ဒေသဆိုင်ရာ ရဲတပ်ဖွဲ့အပြင် အိန္ဒိယထောက်လှမ်းရေးတပ်ဖွဲ့နဲ့ပါ ပူးပေါင်းထောက်လှမ်း ဖမ်းဆီးခဲ့တယ်လို့လည်း သိရပါတယ်။
ပြည်နယ်အတွင်း အကြီးမားဆုံး လက်နက်ဖမ်းဆီးရမိမှုတွေထဲက တစ်ခုဖြစ်တဲ့ ဒီဖမ်းဆီးနိုင်မှုက ဒေသပြန်လည် ထူထောင်ရေးနဲ့ ဒေသတွင်း ငြိမ်းချမ်းတည်ငြိမ်ရေးအတွက် ပြင်းထန်တဲ့ ခြိမ်းခြောက်မှုတွေ ကင်းစင်သွားတဲ့အခြေအနေလို့လည်း ရဲတပ်ဖွဲ့က ပြောပါတယ်။
သိမ်းဆည်းရမိ လက်နက်ခဲယမ်းမီးကျောက်တွေဟာ ချင်းသောင်းကျန်းသူအဖွဲ့ CNF နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းတောင်တန်းဒေသ (CHT) မှာ လှုပ်ရှားနေတဲ့
ဘင်္ဂလားဒေ့ရှ်လက်နက်ကိုင်အဖွဲ့ United People’s Democratic Front (UPDFP) တို့ကြား လက်နက်မှောင်ခိုပြုလုပ်ဖို့ သယ်ယူလာတာတွေဖြစ်နိုင်တယ်လို့လည်း ရဲတပ်ဖွဲ့က ပြောပါတယ်။
ဒါ့အပြင် လက်နက်မှောင်ခိုအဖွဲ့ရဲ့ ဦးဆောင်သူ CNF ခေါင်းဆောင်ကိုပါ ဖမ်းမိခြင်းဟာ မီဇိုရမ်ပြည်နယ်သောင်းကျန်းသူ နှိမ်နင်းမှု စစ်ဆင်ရေးရဲ့ သိသာထင်ရှားတဲ့ အောင်မြင်မှုတစ်ခုဖြစ်တယ်လို့လည်း ရဲတပ်ဖွဲ့က ဝံ့ကြွားပါတယ်။
ကနဦးစစ်ဆေးမှုတွေအရ သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်းတွေဟာ CNF တပ်ဖွဲ့နဲ့ ဘင်္ဂလာဒေ့ရှ်လက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်တဲ့ United People’s Democratic Front (UPDFP) တို့အကြား လက်နက်ရောင်းဝယ်မှုဖြစ်နိုင်တယ်လို့ အိန္ဒိယရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ အခုဖမ်းဆီးရမိတဲ့ လက်နက်နဲ့ ခဲယမ်းအရေအတွက်ဟာ ဒေသတွင်းမှာ ပမာဏအများဆုံး ဖမ်းဆီးရရှိမှုဖြစ်ပြီး ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်းရေးကို ခြိမ်းခြောက်မှုဖြစ်စေခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
လက်ရှိမှာတော့ CNF ခေါင်းဆောင်နဲ့ ဖမ်းမိချင်းလက်နက်ကိုင် စစ်သွေးကြွတွေကို မာမစ်ခရိုင်၊ အနောက်ဖိုင်လန်း ရဲစခန်းမှာ အမှုဖွင့်ထားသလို လက်နက်မှောင်ခိုကွန်ရက်ကို ဖြိုခွင်းဖို့အတွက်လည်း ဆက်လက် စုံစမ်းနေတယ်လို့ သိရပါတယ်။
ချင်းသတင်းဌာနတစ်ခုဖြစ်တဲ့ Zalen မှာ အိန္ဒိယရဲတပ်ဖွဲ့ ဖမ်းမိသူဟာ ချင်းအမျိုးသားတပ်ဦး (CNF/CNA) ခေါင်းဆောင် Pu Bil Cung ဖြစ်ပြီး သူဟာ CNF ရဲ့ CEC အဖွဲ့ဝင်နဲ့ စီးပွားကူးသန်းတာဝန်ယူထားသူဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
Ref, Mizoram Police & The Print
ပုံစာ။ ချင်းအမျိုးသားတပ်ဦး CNA/CNF လက်နက်ကိုင်တချို့မြင်ကွင်း။