MT News
၁၆. ၁. ၂၀၂၅
တရုတ်နိုင်ငံပိုင် China Rocket ကုမ္ပဏီနှင့် မြန်မာနိုင်ငံသားပိုင် Borderless Broadcast ကုမ္ပဏီတို့ ပူးပေါင်းအကောင် အထည်ဖော်သည့် မြန်မာနိုင်ငံ၏ စတုတ္ထမြောက်ရုပ်သံကုမ္ပဏီဖြစ်သော DTH ရုပ်သံလိုင်း MYANSAT ထုတ်လွှင့်မှု စတင်ဖွင့်လှစ်ခြင်းအခမ်းအနားကို ယမန်နေ့က ကျင်းပခဲ့သည်။
MYANSAT DTH အမည်ဖြင့် ရုပ်သံလိုင်းများထုတ်လွှင့်မည့် Border-less Broadcast Co., Ltd. သည် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားနှင့်ပူးပေါင်း၍ DTH စနစ်ဖြင့် ရုပ်သံလိုင်းများထုတ်လွှင့်နိုင်ရန် လုပ်ထုံးလုပ်နည်းများနှင့်အညီ ခွင့်ပြုချက်ရယူဆောင်ရွက်ခဲ့ရာ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၅ ရက်တွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားနှင့် သဘောတူစာချုပ်ချုပ်ဆို၍ ၂၀၂၄ ခုနှစ် ဩဂုတ် ၁၅ ရက်မှစပြီး နိုင်ငံတစ်ဝန်းသို့ စမ်းသပ်ထုတ်လွှင့်ခဲ့ရာမှ ယမန်နေ့တွင် အခမ်းအနားကျင်းပကာ စတင်ထုတ်လွှင့်ခြင်းဖြစ်သည်။
MYANSAT DTH အနေဖြင့် မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များ၊ ရိုးရာထုံးတမ်းအစဉ်အလာများ၊ သဘာဝသယံဇာတများ၊ ပြည်တွင်းသတင်းနှင့် နိုင်ငံတကာဖျော်ဖြေရေးအစီအစဉ်များကို အများပြည်သူကြည့်ရှုနိုင်ရန်အတွက် ဝန်ဆောင်မှုပေးနေသည့် ဖျော်ဖြေရေးမီဒီယာများနှင့်ပူးပေါင်းကာ နိုင်ငံတကာအဆင့်မီရုပ်သံအစီအစဉ်များ၊ ရသမျိုးစုံ၊ ဗဟုသုတမျိုးစုံ ပေးစွမ်းနိုင်မည့် နိုင်ငံတကာရုပ်သံလိုင်းများစွာကို Package နှစ်မျိုးခွဲခြား၍ ရုပ်သံလိုင်း ၉၈ လိုင်း ပါဝင်သော MYANSAT DTH Package (1) နှင့် ၁၇၆ လိုင်းပါဝင်သော Package (2) တို့ဖြင့် ထုတ်လွှင့်ဝန်ဆောင်မှုပေးမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ပရိသတ်များအနေဖြင့် မြန်မာရုပ်သံလိုင်းများကို စုံလင်စွာရွေးချယ်ကြည့်ရှုနိုင်ရန် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ ရုပ်သံလိုင်းများဖြစ်သည့် MRTV HD, MRTV News, MRTV Parliament, MRTV NRC, MRTV Farmers’ , MRTV Sport, MITV နှင့် Education Channel ဟူသည့် ရုပ်သံလိုင်း ၈ လိုင်းအပြင် Fortune, Channel-K, 5-plus, YTV, MAHAR, MAHAR ESPORTS ရုပ်သံလိုင်းများကိုလည်း ထည့်သွင်းပြသမည်ဖြစ်ကြောင်းနှင့် အခြားပုဂ္ဂလိက Channel များ ဆက် လက်ထည့်သွင်းပြသနိုင်ရန်နှင့် ကိုယ်ပိုင်ရုပ်သံလိုင်းများ ထုတ်လုပ်၍ တင်ဆက်နိုင်ရန် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်သကဲ့ သို့ MYANSAT DTH ၏ ရုပ်သံ အစီအစဉ်များကို Mobile Phone များပေါ်မှလည်း နေရာဒေသမရွေး၊ အချိန်မရွေး ကြိုက် နှစ်သက် ရာရွေးချယ်ကြည့်ရှုနိုင်မည့် MYANSAT Application ဖြင့်လည်း ကြည့်ရှုနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
MYANSAT DTH အမည်ဖြင့်ဆောင်ရွက်သည့် BBTV ကုမ္ပဏီအနေဖြင့် MRTV DTH Free To Air အခမဲ့ဝန်ဆောင်မှုစနစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း စက်ပစ္စည်းအသစ် အစုံ ၁၀၀၀၀ ကို သုံးနှစ်အတွင်းပေးအပ်မည်ဖြစ်ရာ ယနေ့အခမ်းအနားတွင် စက်ပစ္စည်းအသစ် အစုံ ၃၀၀၀ ကို ဦးစွာပေးအပ်ခဲ့ကြောင်း သိရသည်။
BBTV ကုမ္ပဏီအနေဖြင့် China Rocket ကုမ္ပဏီလီမိတက်၊ Laosat ကုမ္ပဏီလီမိတက်တို့နှင့်ပူးပေါင်းပြီး Laosat 1 Satellite ကို အသုံးပြုကာ China Aerospace Science and Technology Corporation (CASC) ၏ Multi Village Plan ၊ Sky Star Class Room Plan တို့ဖြင့် မြန်မာနိုင်ငံနယ်စပ်ဒေသအထိ စိုက်ပျိုး၊ မွေးမြူရေးဆိုင်ရာအသိပညာ၊ လူငယ်များအတွက် ပညာရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်စေရန်၊ ဆင်းရဲနွမ်းပါးမှုမျာ လျှော့ချနိုင်ရန်၊ ၂ နှစ်အတွင်း မြန်မာနိုင်ငံရှိကျေးရွာပေါင်း ၄၂ ရွာမှ ကျေးရွာပေါင်း ၁၀၀ အထိ MYANSAT DTH စက်ပစ္စည်းများအပြင် TV နှင့် Solar စနစ် Battery များကို အဆင့်လိုက် တိုးချဲ့လှူဒါန်းနိုင်ရန် China AID အကူအညီရယူပြီး စီမံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။