၁၆.၁.၂၀၂၅.
Translated by Htwe Ko Tun
ဖိလစ်ပိုင်နိုင်ငံ ရေတပ်က လူ ၁၂၁ ဦးပါတဲ့ စက်လှေတစ်စီးကို ဖိလစ်ပိုင်နိုင်ငံ Sulu ပင်လယ်ထဲမှာ ခြောက်ရက်ကြာ မျောပါနေခဲ့ရာက ကယ်တင်နိုင်ခဲ့တယ်လို့ တာဝန်ရှိသူတွေက ဇန်နဝါရီလ ၁၅ ရက်မှာ ပြောခဲ့ကြပါတယ်။
ရေတပ်က ကြေညာချက်တစ်ရပ်ထုတ်ပြန်ရာမှာ J Sayang 1 အမည်ရှိ အဲဒီစက်လှေဟာ ဇန်နဝါရီလ ၈ ရက်မှာ Sulu ပင်လယ်အတွင်း ပြည်တွင်းခရီးထွက်လာတုန်း ရာသီဥတုဆိုးဝါးတာနဲ့ကြုံပြီး အင်ဂျင်ပါဝါကျကာ လောင်စာဆီလည်းကုန်ခဲ့ပါတယ်။ ဒီနောက် ဆက်သွယ်ရေးကိရိယာတွေလည်း သုံးမရတော့တာကြောင့် ပင်လယ်ထဲမှာ ခြောက်ရက်ကြာ မျောပါနေခဲ့တာလို့ ပါရှိပါတယ်။
ဇန်နဝါရီလ ၁၄ ရက်မှာတော့ ပျောက်ဆုံးနေတဲ့ အဲဒီစက်လှေကို နိုင်ငံတောင်ပိုင်း Tawi-Tawi ကျွန်းစုရဲ့ ကမ်းရိုးတန်းပင်လယ်ပြင်မှာ ဖိလစ်ပိုင်ရေတပ်ကင်းလှည့်သင်္ဘောတစ်စီးက တွေ့ရှိခဲ့တာပါ။
စက်လှေပေါ်မှာ ခရီးသည် ၁၀၆ ဦးနဲ့ စက်လှေဝန်ထမ်း ၁၅ ဦး တို့ကို တွေ့ရှိကယ်ဆယ်နိုင်ခဲ့ပါတယ်။ အားလုံးက ဖိလစ်ပိုင်လူမျိုးများဖြစ်ကာ ရက်အတန်ကြာ ရေနဲ့ အစားအသောက် အကန့်အသတ်နဲ့ ပင်လယ်ထဲမျောနေခဲ့တာကြောင့် စိတ်ပိုင်းဆိုင်ရာကျဆင်းနေကြတာလည်း တွေ့ရပါတယ်။
စက်လှေကိုယ်ထည်က သစ်သားနဲ့ပြုလုပ်ထားပြီး တန် ၄၀ မှ တန် ၅၀ ထိ တင်ဆောင်နိုင်တယ်လို့ သိရပါတယ်။ စက်လှေက Pangutaran ကျွန်းငယ်အနီးကနေ ခြောက်ရက်အတွင်း ကီလိုမီတာ ၁၀၀ လောက်မျောနေခဲ့တာပါ။ စက်လှေက နိုင်ငံအစွန်အဖျားနယ်မြေဖြစ်တဲ့ မလေးရှားနိုင်ငံအနီး Turtle ကျွန်းတွေကိုသွားဖို့ နိုင်ငံတောင်ပိုင်းဆိပ်ကမ်း Zamboanga ဆိပ်ကမ်းက ထွက်ခွာလာတာလို့လည်း သိရပါတယ်။
Ref- CNA