၁၆ .၁.၂၀၂၅
Written By Zun
မန္တလေးတွင် လုယက်မှုစစ်ဆေးနေသည့် ရဲတပ်ဖွဲ့ဝင်များအား ဓားဖြင့်ဝင်ခုတ်သည့် အမျိုးသားတစ်ဦးကို သေနတ်ဖြင့် ခုခံပစ်ခတ်၍ အသေဖမ်းဆီးခဲ့ရမှု ယနေ့ ဇန်နဝါရီလ ၁၆ ရက် နံနက်က ဖြစ်ပွားခဲ့သည်။
မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ (စ)ရပ်ကွက်၊ ၁၂၅ လမ်း၊ ၅၉ (B)နှင့် ၆၀ လမ်းကြားတွင် ယနေ့ နံနက် ၅ နာရီ ၃၀ မိနစ်က လုယက်မှု သတင်းရ၍ ရဲတပ်ဖွဲ့ဝင်များက စစ်ဆေးရန် ဆိုင်ကယ်တစ်စီးကို တားဆီးရပ်တန့်ခိုင်းစဥ် ဆိုင်ကယ်နောက်မှ ထိုင်လာသည့် အမျိုးသားက ဓားဖြင့် ဝင်ခုတ်ခဲ့ခြင်းဖြစ်ကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးက MT News ကိုပြောသည်။
ရဲတပ်ဖွဲ့ဝင်များက ပြည်ကြီးတံခွန်မြို့နယ်၊ (စ) ရပ်ကွက်၊ ၁၂၅ လမ်း၊ ၅၉ (B)နှင့် ၆၀ လမ်းကြား၌ စစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်နေချိန် ၁၂၅ လမ်းအတိုင်း အနောက်မှ အရှေ့သို့ အမည်မသိ အမျိုးသား၂ ဦး မောင်းနှင်လာသည့် CZI အမျိုးအစား အနက်နှင့်ခဲရောင်စပ်ဆိုင်ကယ်ကို စစ်ဆေးရန် ရပ်တန့်ခိုင်းစဉ် ရှေ့က မောင်းလာသည့် အမျိုးသားက ဆိုင်ကယ်ကို ထားပြီး ထွက်ပြေးသွားခဲ့ကာ နောက်ထိုင်၌လိုက်ပါလာသည့် အမျိုးသားက အရိုးအသွား ၂၂ လက်မခန့်ရှိ ဓားရှည်ကို ကိုင်ဆောင်ပြီး ရဲတပ်ဖွဲ့ဝင်များအား ဝင်ရောက်ခုတ်ပိုင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းကြောင့် ရဲတပ်ဖွဲ့ဝင်တစ်ဦးက အသင့်ကိုင်ဆောင်ထားသည့် သေနတ်ဖြင့် ၁ ချက် ခြောက်လှန့်ပစ်ခတ်ခဲ့ရာ အမည်မသိအမျိုးသား၏ ဝမ်းဗိုက်လက်ယာဘက်ခြမ်းကို ကျည်ဖောက်ဝင်ဒဏ်ရာရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။
လက်ရှိတွင် သေဆုံးသွားသည့် အမည်မသိ အမျိုးသား၏ရုပ်အလောင်းကို လူမှုကူညီရေးအသင်းတစ်ခု၏ မော်တော်ယာဥ်ဖြင့် ဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်း သိရသည်။
ယင်းအပြင် ဆိုင်ကယ်ပေါ်က ထွက်ပြေးလွတ်မြောက်သွားသူကို လိုက်လံစစ်ဆေးနေပြီး သေဆုံးသူကိုလည်း သာမန်အရပ်သား ဟုတ် မဟုတ် စိစစ်နေကြောင်းလည်း သိရသည်။