၁၆.၁.၂၀၂၅
Translated by Htwe Ko Tun
အမေရိကန်အစိုးရက လာမယ့်ရက်သတ္တပတ်တွေအတွင်းမှာ ပိတ်ဆို့မယ့်အလားအလာရှိနေတယ်ဆိုတဲ့ စိုးရိမ်မှုတွေကြောင့် TikTok လူမှုကွန်ရက်မှ ပြောင်းရွှေ့လာတဲ့ နိုင်ငံခြားသားလူမှုကွန်ရက်အသုံးပြုသူအသစ်တွေဟာ ရေပန်းစားလူကြိုက်များတဲ့ လူမှုကွန်ရက်ပလက်ဖောင်းတစ်ခုကို အလုံးအရင်းနဲ့ ဝင်လာကြတာကို တရုတ်အင်တာနက်အသုံးပြုသူတွေက သတိပြုမိခဲ့ကြတယ်လို့ ဆိုပါတယ်။
Instagram နဲ့ Pinterest တို့ရဲ့ အင်္ဂါရပ်တွေ ပေါင်းစပ်ပါဝင်တဲ့ တရုတ်နိုင်ငံရဲ့ အင်တာနက်လူမှု ကွန်ရက်ပလက်ဖောင်းတစ်ခုဖြစ်တဲ့ Xiaohongshu မှာ အများအားဖြင့် အမေရိကန်ပြည်ထောင်စုမှဖြစ်ကြပြီး သူတို့ကိုယ်သူတို့ TikTok ဒုက္ခသည်တွေ (TikTok Refugees) လို့အမည်တပ်ကြတဲ့ TikTok က ပြောင်းရွှေ့လာသူတွေရဲ့ ပိုစ့်ထောင်ပေါင်းများစွာကို တွေ့နေရပါတယ်။
အခုကို အသုံးပြုသူအသစ်တွေ ဝင်ရောက်လာကြတာက ပြည်ပမှာတော့ RedNote လို့သိကြတဲ့ Xiaohongshu လူမှုကွန်ရက်ပလက်ဖောင်းကို ရက်အနည်းငယ်အတွင်းမှာပဲ အမေရိကန်ရဲ့ Apple Store အက်ပလီကေးရှင်းမှ ဒေါင်းလုဒ်ပြုလုပ်မှုတွေမှာ ထိပ်ပိုင်းနေရာကို ရောက်စေခဲ့ပါတယ်။
တရုတ်နိုင်ငံမှ ByteDance အင်တာနက်ကုမ္ပဏီက ပိုင်ဆိုင်ပေမယ့် သီးခြားလွတ်လပ်စွာလည်ပတ်တာဖြစ်တဲ့ TikTok လူမှုကွန်ရက်ဟာ အမေရိကန်ပြည်ထောင်စုမှာဆိုရင် နိုင်ငံလူဦးရေရဲ့ တစ်ဝက်နီးပါးရှိတဲ့ လူဦးရေ သန်း ၁၇၀ လောက်က အသုံးပြုနေကြတာပါ။
အမေရိကန်အစိုးရအနေနဲ့ကတော့ အခြေအမြစ်မရှိတဲ့ အမျိုးသားလုံခြုံရေးစိုးရိမ်ရတယ်ဆိုတာရယ်နဲ့ အချက်အလက်အနှောင့်အယှက်ကင်းမှု အန္တရာယ်ရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ အမေရိကန်ပြည်ထောင်စုမှာ TikTok လူမှုကွန်ရက်ကိုပိတ်ပင်ဖို့ကြိုးစားလာတာ နှစ်တွေတော်တော်ကြာပါပြီ။ ဇန်နဝါရီလ ၁၉ ရက်မှာ အမေရိကန်တရားရုံးချုပ်က TikTok ကို ပိတ်ပင်ဖို့ အဆိုပြုထားတဲ့ ဒါမှမဟုတ် TikTok ကို အမေရိကန်လုပ်ငန်းတစ်ခုဆီကို ရောင်းချရန် ByteDance ကုမ္ပဏီကို အတင်းအကျပ်ပြုလုပ်ဖို့ ဥပဒေတစ်ခု ပြဌာန်းစေရေးအတွက် ဆုံးဖြတ်ချက်ချလာမယ်လို့ ယူဆရပါတယ်။
ဒါပေမယ့် တရားစီရင်ချက်ရလဒ်ကို စိတ်လှုပ်ရှားစွာစောင့်ဆိုင်းနေကြတုန်းမှာပဲ အသုံးပြုသူတွေကတော့ အဆိုပြုထားတဲ့ တားမြစ်ပိတ်ပင်ချက်ကို ရယ်မောလှောင်ပြောင်ရင်း အချိန်ဖြုန်းမနေကြဘဲ ခုလို အလှည့်အပြောင်းအခြေအနေတစ်ခုကိုဖန်တီးလိုက်ကြတာလို့ ဆိုရတော့မှာပါ။
ကိုယ်တိုင်လည်း TikTok ဒုက္ခသည်တစ်ဦးလို့ ဆိုသူတစ်ဦးက Xiaohongshu လူမှုကွန်ရက်ပလက်ဖောင်းမှာ သူတို့ကတော့ အမျိုးသားလုံခြုံရေးစိုးရိမ်ရတယ်ဆိုပြီး TikTok ကို ပိတ်ဖို့ကြိုးစားကြတာပေါ့။ ဒီတော့ TikTok အသုံးပြုသူတိုင်းက ခုဆို တရုတ်လူမှုကွန်ရက်ပလက်ဖောင်း Xiaohongshu ကိုရောက်ကုန်တာပဲလို့ ဗီဒီယိုတစ်ခု တင်ခဲ့ပါတယ်။ X လူမှုကွန်ရက်မှာ ရေးသားထားတဲ့ပို့စ်တစ်ခုမှာလည်း TikTok ဒုက္ခသည်တွေဟာ ခုတော့တရားဝင်ဖြစ်တဲ့ တရုတ်လူမှုကွန်ရက်ပလက်ဖောင်းတွေဆီကို သူတို့ရဲ့ အချက်အလက်တွေကို လိုလိုလားလားပေးရင်းရောက်ကန်ကြပြီလို့ ငေါ့တော့တော့လေသံနဲ့ ဖော်ပြခဲ့ပြန်ပါတယ်။
အခုလို TikTok ကို ပိတ်ပင်တားမြစ်ဖို့ အဆိုပြုတဲ့ကိစ္စက တရုတ်ကုမ္ပဏီတွေကို ခုလိုဆောင်ရွက်တဲ့ တစ်ခုတည်းသော ကိစ္စလည်းမဟုတ်ပါဘူး။ မကြာသေးတဲ့နှစ်တွေတုန်းကလည်း Huawei နဲ့ DJI တို့အပါအဝင် တရုတ်နည်းပညာကုမ္ပဏီတွေဟာ အမေရိကန်အစိုးရရဲ့ မျှတမှုမရှိတဲ့ ပစ်မှတ်တွေဖြစ်ခဲ့ရပြီး တင်းကျပ်မှုတွေကို ကြုံခဲ့ကြရပါသေးတယ်။
ဒီလိုလုပ်ဆောင်မှုကို အမေရိကန်နိုင်ငံက TikTok အသုံးပြုသူတွေကတော့ ရှောင်ဖယ်ဆန္ဒပြကုန်ကြတာပဲလို့ ပေကျင်းမြို့ အခြေစိုက် Center for China and Gloalization အကဲဖြတ်သုံးသပ်အဖွဲ့မှ Lyu Xiang က ပြောခဲ့ပြန်ပါတယ်။
ဒီဆန္ဒပြမှုတွေက အမေရိကန်နိုင်ငံသားမဟုတ်တဲ့ကုမ္ပဏီတွေရဲ့ ပုံမှန်လုပ်ငန်းဆောင်ရွက်မှုတွေကို ဖိနှိပ်တာကို လူတွေကမနှစ်သက်ဘူးဆိုတာပြတာပဲ၊ အမေရိကန်နိုင်ငံရေးသမားတွေရဲ့ ဒီလိုလုပ်ဆောင်မှုတွေက အမေရိကန်ပြည်သူတွေရဲ့ အကျိုးစီးပွားကိုပဲထိခိုက်စေတာကိုး လို့ Lyu က ပြောခဲ့ပါသေးတယ်။
TikTok ဒုက္ခသည်တွေလို့ အမည်တပ်ထားကြတဲ့ TikTok က ပြောင်းရွှေ့လာသူတွေအနေနဲ့ Xiaohongshu လူမှုကွန်ရက်ပလက်ဖောင်းအသုံးပြုသူတွေရဲ့ နွေးနွေးထွေးထွေးကြိုဆိုမှုတွေကို ခံခဲ့ရတယ်လို့ ဆိုရမှာပါ။ Xiaohongshu ကို အစထဲက အသုံးပြုတဲ့ တရုတ်နိုင်ငံသားတွေက အသစ်ရောက်ရှိလာတဲ့ TikTok ဒုက္ခသည်တွေရဲ့ စာမျက်နှာတွေမှာ ပုံတွေ၊ ဗီဒီယိုတွေ မျှဝေတာ၊ အစားအသောက်နဲ့ ခရီးစဉ်တွေ ဖော်ပြမိတ်ဆက်ကမ်းလှမ်းတာ၊ တရုတ်ဘာသာနဲ့သာ ဖော်ပြတာများတဲ့ အဲဒီလူမှုကွန်ရက်ပေါ်မှာ အခမဲ့ ဘာသာရပ်သင်တန်းတွေ ပံ့ပိုးပေးတာတွေကို လုပ်ခဲ့ကြပါတယ်။
၂၀၁၃ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တဲ့ Xiaohongshu က အစပိုင်းမှာ ဈေးဝယ်အချက်အလက်တွေကိုပဲ အလေးထားခဲ့ပေမယ့် လူမှုကွန်ရက်နဲ့ e-commerce တို့ကိုပါ ရောနှောကာ ပြည့်စုံတဲ့လူနေမှုဘဝ လူမှုကွန်ရက်ပလက်ဖောင်းတစ်ခုအဖြစ် ဖန်တီးအသွင်ပြောင်းလာတာပါ။
Xiaohongshu အသုံးပြုသူ ပေကျင်းမှာ အင်္ဂလိပ်စကားပြန်လုပ်နေသူတစ်ဦးက အသစ်ရောက်လာသူတွေကို ဒီလို မြူးမြူးကြွကြွရှိပြီး အရောင်အသွေးစုံတဲ့ လူမှုအသိုက်အဝန်းက ခင်ဗျားတို့ကို ကြိုဆိုပါတယ်လို့ အင်္ဂလိပ်လိုရေးခဲ့ပါတယ်။ အခြားသော တရုတ်နိုင်ငံသားတစ်ဦးကလည်း ခင်ဗျားတို့က ဒုက္ခသည်တွေမဟုတ်ပါဘူး။ တကယ်တော့ စူးစမ်းရှာဖွေလေ့လာသူတွေပါလို့ ဆိုခဲ့ပြန်ပါတယ်။
ဒါကြောင့်လည်း အမေရိကန်အစိုးရရဲ့ အမေရိကန်မှာ TikTok ကိုပိတ်ဖို့ကြိုးစားမှုက တရုတ်နိုင်ငံရဲ့လူမှုကွန်ရက်ပလက်ဖောင်းတွေအဖို့တော့အသုံးပြုသူများအောင် ဖန်တီးပေးသလိုဖြစ်နေတယ်လို့ ဆိုရတော့မှာပါ။
Ref- Xinhua