၁၆.၁.၂၀၂၅
Written by KL
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ စပေါ့ကျေးရွာရှိ ကျောက်စိမ်းလုပ်ကွက်တစ်ခုတွင် ဖြစ်ပွားခဲ့သော နွံကန်ပေါက်ကျမှုကြောင့် သေဆုံးသူဦးရေမှာ ၃၁ ဦးအထိ မြင့်တက်ခဲ့ကြောင်း ကယ်ဆယ်ရေးဆောင်ရွက်နေသည့် ဒေသခံလူမှုကူညီရေးအဖွဲ့များထံမှ သိရသည်။
“သေဆုံးသူတွေရဲ့ ရုပ်အလောင်းက ၃၁ လောင်း အထိ ရရှိဆယ်ယူထားပါတယ်။ အလောင်းတွေက မြေကြီးအောက်မှာဆိုတော့ ခက်ခက်ခဲခဲကို ဖော်ရတယ်။ ကလေးအလောင်းက ၄ လောင်း၊ ကိုယ်ဝန်ဆောင်သည် ၁ ဦးလည်း ဆယ်ယူရရှိပါတယ်”ဟု ရုပ်အလောင်းများကို ဖော်ထုတ်ဆယ်ယူရာတွင် ပါဝင်သူတစ်ဦးက ပြောသည်။
ဇန်နဝါရီ ၁၃ ရက် နံနက် ၁ နာရီခွဲခန့်က ကျောက်စိမ်းလုပ်ကွက်တစ်ခု၏ နွံကန်ပေါက်မှုကြောင့် နွံများအောက်တွင် နစ်မြုပ်နေသူများကို ဆယ်ယူခဲ့ရာ ဇန်နဝါရီလ ၁၄ ရက်နေ့အထိ သေဆုံးသူ ၂၂ ဦး၊ ဇန်နဝါရီလ ၁၅ ရက်နေ့တွင် သေဆုံးသူ ၉ ဦး စုစုပေါင်း သေဆုံးသူ ဦးရေ ၃၁ ဦးအထိ ရှိကြောင်း သိရသည်။
နွံကန်ပေါက်မှုကြောင့် ဒေသခံများ၏ ခန့်မှန်းချက်အရ နစ်မြုပ်ပျောက်ဆုံးသူမှာ တစ်ရာကျော်နိုင်ပြီး ရေမဆေးကျောက်ရှာသူများ၊ ဒေသခံများနှင့် ကျောက်ဝယ်သူများလည်း ပါဝင်နိုင်ကြောင်း သိရသည်။
ယခုပေါက်ကျခဲ့သော စပေါ့ကျေးရွာရှိ နွံကန်မှာ၂ ဧကခန့်ရှိပြီး KIA ထိန်းချုပ်ထားသည့် နေရာတွင် တည်ရှိကာ KIA ခွင့်ပြုချက်ဖြင့် ကျောက်စိမ်းတူးဖော်နေသော ရတနာအဓိပတိကျောက်စိမ်းလုပ်ကွက်မှ နွံကန်ပေါက်ကျခဲ့ခြင်းဖြစ်ကြောင်း သိရသည်။