၁၆.၁. ၂၀၂၅
Translated by Htwe Ko Tun
အရှေ့အလယ်ပိုင်းဒေသ၊ ဂါဇာကမ်းမြောင်မှာ နှစ်နဲ့ချီလို့ ကြာမြင့်နေပြီဖြစ်တဲ့ အစ္စရေးနဲ့ ဟားမားစ်အုပ်စုတို့အကြား ဖြစ်ပွားနေတဲ့စစ်ပွဲက ဇန်နဝါရီလ ၁၅ ရက်မှာတော့ နှစ်ဖက်အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိခဲ့ကြပြီဖြစ်တယ်လို့ ကာတာနိုင်ငံဝန်ကြီးချုပ် Mohammed bin Abdulrahman Al Thani က ကြေညာခဲ့ပါတယ်။
သဘောတူညီချက်မှာ ဂါဇာကမ်းမြောင်ဒေသအတွင်း နှစ်ဖက်အပစ်အခတ်ရပ်စဲမှုပြုရုံမက ဟားမားစ်တို့ ဖမ်းဆီးထားတဲ့ ဓားစာခံတွေနဲ့ ပါလက်စတိုင်းစစ်သုံ့ပန်းတွေ အပြန်အလှန်လဲလှယ်ဖို့အထိ ဆောင်ရွက်သွားဖို့ ပါဝင်တယ်လို့ ကာတာဝန်ကြီးချုပ်က အတည်ပြုခဲ့ပါတယ်။
သူက ယာယီအပစ်အခတ်ရပ်စဲတာကို ဇန်နဝါရီလ ၁၉ ရက်မှာစတင်မှာဖြစ်ပြီး ဟားမားစ်တို့က ပထမအဆင့်အနေနဲ့ ဖမ်းဆီးထားတဲ့ အစ္စရေးဓားစာခံ ၃၃ ဦး ပြန်လွှတ်ပေးဖို့မျှော်လင့်ရတယ်လို့ ဆိုခဲ့ပါတယ်။ ဒီမှာအရပ်သားတွေ၊ အမျိုးသမီးစစ်သားတွေ၊ ကလေးတွေနဲ့ နေမကောင်းဖြစ်နေသူတွေပါ ပါဝင်လိမ့်မယ်လို့ ဆိုပါတယ်။ တစ်ချိန်ထဲမှာ ရာနဲ့ချီတဲ့ ပါလက်စတိုင်းစစ်သုံ့ပန်းတွေကို အစ္စရေးက ပြန်လွှတ်ပေးလိမ့်မယ်လို့ ကာတာဝန်ကြီးချုပ်က ပြောပါတယ်။ ဒါပေမယ့် အရေ အတွက်ကိုတော့ မပြောခဲ့ပါဘူး။
သဘောတူညီချက်ကို အစ္စရေးအစိုးရအဖွဲ့ က အတည်ပြုဖို့လိုသေးတယ်လို့တော့ သိရပါတယ်။ အစ္စရေးဝန်ကြီးချုပ် နေတန်ရာဟု ကတော့ နောက်ဆုံးအဆင့် အသေးစိတ်အထိ မပြီးမချင်း သူ့အနေနဲ့ သဘောတူညီချက်ကို တစ်စုံတစ်ရာမဝေဖန်လိုဘူးလို့ ပြောခဲ့ပါတယ်။
အစ္စရေးဓားစာခံတွေ ပြန်လွှတ်ပေးဖို့က သဘောတူညီချက်ရဲ့ ပထမအဆင့်ပါ။ ညှိနှိုင်းဆွေးနွေးမှုတွေ ဆက်လက်ပြုလုပ်ပြီး ဒုတိယအဆင့်အနေနဲ့ စစ်ပွဲ လုံးဝပြီးဆုံးဖို့ဖြစ်တယ်လို့ ဆိုပါတယ်။ ညှိနှိုင်းဆွေးနွေးမှုတွေကို ပထမအဆင့် သဘောတူညီချက်အကောင်အထည်ဖော်လို့ ၁၆ ရက်မြောက်နေ့မှာ ဆက်လက်ပြုလုပ်မယ်လို့ သိရပါတယ်။
Ref- CNN