၁၆. ၁. ၂၀၂၅
Written by Nyein Kyaw
ဗဟိုဘဏ်မှ ဒေါ်လာ ၂၅ သန်း ထပ်မံထုတ်ရောင်းပေးခဲ့၍ ဒေါ်လာဈေးနှုန်း ပြန်လည်မြင့်တက်လာသော ယခုဇန်နဝါရီလ နှစ်ပတ်အတွင်း ဒေါ်လာသန်း ၁၁၀ ခန့်အထိ ထုတ်ရောင်းပေးထားကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်ထားသည့်စာရင်းများအရ သိရသည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဩဂုတ်လအတွင်း ဝိသမလောဘသမားများ၏ တစ်ဒေါ်လာ ၁၀,၀၀၀ အထိ ဈေးနှုန်းဆွဲတင်ခဲ့မှုကြောင့် တစ်ဒေါ်လာကျပ် ၇၀၀၀ ကျော်အထိ သမိုင်းတစ်လျှောက်စံချိန်တင် မြင့်တက်ခဲ့မှုအပေါ် ဗဟိုဘဏ်မှ ဒေါ်လာများအလုံးအရင်းဖြင့် ထုတ်ရောင်းပေးမှုနှင့် ဈေးကစားသူများကို အရေးယူခဲ့မှုများကြောင့် စက်တင်ဘာလကုန်ပိုင်းမှစတင်ကာ တစ်ဒေါ်လာ ကျပ် ၅၀၀၀ အောက်သို့ ပြန်လည်ကျဆင်းခဲ့သလို အောက်တိုဘာလအလယ်မှစတင်ပြီး တစ်ဒေါ်လာ ကျပ် ၄၅၀၀ ဝန်းကျင်ဖြင့် နှစ်လကျော် တည်ငြိမ်မှုရှိခဲ့သည်။
ယင်းကဲ့သို့ နှစ်လကျော်တည်ငြိမ်ခဲ့သော ဒေါ်လာဈေးနှုန်းသည် ၂၀၂၅ ခုနှစ် နှစ်အစ ဇန်နဝါရီလအတွင်း ပြန်လည်တက်ရိပ်ပြခဲ့ပြီး ယခုဇန်နဝါရီ ၁ ရက်တွင် တစ်ဒေါ်လာ ကျပ် ၄,၄၄၀ သာရှိခဲ့ရာမှာ ဇန်နဝါရီလ ၁၅ ရက်(ယမန်နေ့)တွင် တစ်ဒေါ်လာ ကျပ် ၄,၈၀၀ အထိ မြင့်တက်ခဲ့၍ နှစ်ပတ်အတွင်း တစ်ဒေါ်လာ ကျပ် ၃၆၀ မြင့်တက်လာခဲ့သည်။
ထို့ကြောင့် ဒေါ်လာဈေးနှုန်း ပြန်လည်တက်ရိပ်ပြလာသည့် ယခုဇန်နဝါရီလအတွင်း ဗဟိုဘဏ်အနေဖြင့် ဒေါ်လာများအလုံးအရင်းဖြင့် ဆက်တိုက်ထုတ်ရောင်းပေးခဲ့ရာ ယမန်နေ့တွင် ထုတ်ရောင်းပေးခဲ့သည့် ဒေါ်လာ ၂၅ ဒသမ ၃၅၃ သန်းနှင့် တရုတ်ယွမ် ၃၆၉,၂၂၁ ထုတ်ရောင်းပေးခဲ့မှုအပါအဝင် ဇန်နဝါရီလ ၂ ရက်မှ ၁၅ ရက်အထိ နှစ်ပတ်အတွင်း ဒေါ်လာ ၁၀၈ ဒသမ ၉၁၁ သန်း ရောင်းချပေးခဲ့သလို ထိုင်းဘတ် ၅ ဒသမ ၈၈၅ သန်းနှင့် တရုတ်ယွမ် ၃ ဒသမ ၄၈၃ သန်း ထုတ်ရောင်းပေးထားသည်။
ထို့အတူ နှစ်သစ်ကူးရုံးပိတ်ရက်များနှင့် သွင်းကုန်လိုအပ်ချက်များကြောင့် ဒေါ်လာလိုအပ်ချက် မြင့်မားလေ့ရှိသည့် ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်း ဒေါ်လာ ၁၄၃ ဒသမ ၂၅၀ သန်း၊ ထိုင်းဘတ် ၃၂၁ ဒသမ ၈၇၁ သန်းနှင့် တရုတ်ယွမ် ၁၀ ဒသမ ၉၇၈ သန်းအထိ ထုတ်ရောင်းပေးထားသည်။
ဗဟိုဘဏ်အနေဖြင့် ပြီးခဲ့သည့် ဩဂုတ်လ ၁ ရက်မှ နိုဝင်ဘာလ ၂၉ ရက်အထိ လေးလအတွင်း ဒေါ်လာ ၃၃၅ သန်းကျော်၊ ထိုင်းဘတ် ၁ ဒသမ ၂၇၄ ဘီလျံကျော်နှင့် တရုတ်ယွမ် ၅၆ သန်းခန့်အထိ ထုတ်ရောင်းပေးထားပြီးဖြစ်သည့်အပြင် ယခုဘဏ္ဍာနှစ် ခုနစ်လအတွင်း စက်သုံးဆီ၊ စားသုံးဆီနှင့် သွင်းကုန်လုပ်ငန်းရှင်များအတွက် ဒေါ်လာတစ်ဘီလျံလည်း သီးသန့်ထုတ်ရောင်းပေးထားသည်။