၁၆.၁.၂၀၂၄
Written by Hey Mar
တက္ကစီယာဉ်မောင်းတစ်ဦးကို လည်ပင်းလှီးဖြတ်ခံထားရတဲ့ ဓားဒဏ်ရာတွေနဲ့ တွေ့ရှိရတာကြောင့် ဆေးရုံတင်ပို့စဉ် သေဆုံးခဲ့တဲ့ ဖြစ်စဉ် မနေ့က ဇန်နဝါရီ ၁၅ ရက် ည ၁၀ နာရီကျော် အချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ ဒေါပုံမြို့နယ်၊ ဇေယျာသီရိရပ်ကွက် (၆)လမ်းထိပ် ပေ(၈၀)လမ်းမပေါ် မှာ ဖြစ်ပွားခဲ့တယ်လို့ မြေပြင်အကူအညီရောက်ရှိခဲ့တဲ့ သာကေတအခြေစိုက် လူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။
ဖြစ်စဉ်ကို တွေ့ရှိတဲ့ အများပြည်သူက လူမှုကူညီရေးအသင်းထံ အကြောင်းကြားတာကြောင့် အခင်းဖြစ်နေရာဆီ သွားရောက်တဲ့အခါ တက္ကစီယာဉ်မောင်းလူငယ်က လည်ပင်းပြတ်ရှဒဏ်ရာ၊ ဝဲဘက်ရင်အုံ ထိုးသွင်းဒဏ်ရာတွေနဲ့ သေဆုံးတယ်လို့ ယူဆရတဲ့ အနေအထားဖြစ်ပြီး ရဲအမှုအခင်းဖြစ်နေတာကြောင့် အသင်းက ရဲစခန်းကို အကြောင်းကြားခဲ့တယ်လို့ သိရပါတယ်။
သစ္စာမဏ္ဍိုင် လူမှုကူညီရေးအသင်းတာဝန်ရှိသူက ” လူငယ်က အသက် သုံးဆယ်ဝန်းကျင်ပါ။ တစ်နေရာရာမှာ ဖြစ်လာပြီးမှ သူ့အိမ်အထိ ကားကို ကြိုးစားမောင်းလာပုံရတယ်။ ကားက ဟိုတိုက် ဒီတိုက် ဖြစ်လာပုံပေါ့။ ပိန်ချိုင့်တာတွေ တွေ့ရတာ။ သူ့အိမ်က ဇေယျာသီရိ (၈)လမ်းထဲမှာ၊ သူ့ကားရပ်သွားတာက (၆)လမ်းထိပ်မှာပေါ့။ ဒဏ်ရာတွေက လည်ပင်းပြတ်ရှဒဏ်ရာက အတော်ကြီးတယ်။ သုံးလက်မလောက်ကို ဟ သွားတာ။ ကျွန်တော်တို့ရောက်ချိန်ကတည်းက သတိမရှိတော့ပါဘူး။ ဒါပေမယ့် ရန်ကုန်ဆေးရုံကြီးဆီ ပို့ဆောင်ပေးတဲ့အခါ ဆေးရုံက သေဆုံးကြောင်း အတည်ပြုပါတယ်” လို့ MT News ကို ပြောပါတယ်။
တက္ကစီယာဉ်နဲ့ ယာဉ်မောင်း လုယက် ရန်ပြုခံရတာတွေ ခပ်စိပ်စိပ် ပြန်လည်ဖြစ်ပွားနေပြီး တက္ကစီယာဉ်မောင်း ဂရုတွေက လိုက်လံကူညီရင်း ဖမ်းမိတာတွေလည်းရှိတယ်လို့ ဆိုရှယ်မီဒီယာပေါ်ကတက္ကစီဂရုတွေမှာ ပုံနဲ့တကွ တင်ပြထားကြတဲ့ ဖြစ်စဉ်တွေအရ သိရှိရပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၄ ရက်နေ့ကလည်း အမှတ် ၇ လမ်းမကြီးပေါ်မှာ တက္ကစီလုယက်မှု ဖြစ်ပွားခဲ့ပြီး ဂရုအချင်းချင်း ချိတ်ဆက်ကူညီနိုင်ခဲ့တာကြောင့် ကျူးလွန်သူ သုံးဦးကို သက်ဆိုင်ရာရဲတပ်ဖွဲ့ထံ ကူညီဖမ်းဆီး အပ်နှံနိုင်ခဲ့ပြီး အဲ့ဒီနေ့မှာပဲ ကိုးမိုင် ရွှေနှင်းဆီလမ်းနဲ့ လှိုင်သာယာ မြစိမ်းရောင် စက်မှုဇုန်ထဲမှာ ထပ်မံ ဖြစ်ပွားခဲ့သေးတယ်လို့ သိရပါတယ်။ နောက်ပြီး ဒီဇင်ဘာ ၁၂ ရက်နေ့ ည ကိုးနာရီကျော်အချိန်ခန့်က ရန်ကုန်မြို့ ၊ မရမ်းကုန်းမြို့နယ် ၊ ၉မိုင် ဂေါက်ကွင်းအကျော်မှာ တက္ကစီယာဉ်မောင်းကို ခရီးသည်က ဓားနဲ့ထိုးပြီး လုယက်ခဲ့တဲ့ဖြစ်စဉ်ဖြစ်ပွားခဲ့ပြီး ၊ ဒီဇင်ဘာ ၂၂ရက်နေ့ကလည်း မင်္ဂလာဒုံ ခရေပင်လမ်းခွဲ အနီးမှာ ယာဉ်မောင်းရဲ့ ဦးခေါင်းကို ပုလင်းနဲ့ ရိုက်ခွဲပြီး တက္ကစီနဲ့ ပါလာတဲ့ ငွေသား ၊ ဖုန်း စတာတွေ လုယက်တဲ့ ဖြစ်စဉ် ဖြစ်ပွားခဲ့ပါသေးတယ်။