၁၆.၁.၂၀၂၅
Photo by Thiri
ငယ်စဉ်က ရှမ်းပြည်နယ် ဟိုပုံးမြို့ရဲ့ ခရစ်ယာန်ဘုရားရှိခိုးကျောင်းမှာ ကျောင်းအိပ် ကျောင်းစား ကျောင်းသားအဖြစ် မိဘ ပို့အပ်ခြင်းခံခဲ့ရသူ။
ဆယ်ကျော်သက် အရွယ်ရောက်လာတော့ သူတို့မြို့ကို အလည်လာတဲ့ မြန်မာနိုင်ငံအခြေစိုက် ဖိလစ်ပိုင် သံအမတ်ကြီးက သူ့ရဲ့ ခြေထောက်နဲ့ ပန်းချီရေးဆွဲနေဟန် ၊ ဝါသနာကြီးပုံတွေကို သဘောကျလို့ မြေတောင်မြှောက်ပေးဖို့ ရန်ကုန်မြို့ဆီ ခေါ်ဆောင်တာကြောင့် အသက် ဆယ့်ငါးနှစ်သားအရွယ်မှာ ရန်ကုန်ကို ရောက်ခဲ့ပါတယ်။
ရန်ကုန်မြို့ ရွှေတောင်ကြားရပ်ကွက်က ပန်းချီဆရာကြီးတစ်ဦးထံမှာ နေထိုင်ရင်း ပညာလေ့လာဆည်းခဲ့သလို အသက် ဆယ့်ကိုးနှစ်အရွယ်မှာ အိမ်ထောင်ပြုလိုက်တာကြောင့် ဆရာ့အရိပ်က ထွက်ခွာပြီး သူ့ဘဝလမ်း သူ့ဘာသာလျှောက်ခဲ့တာပါ။
အိမ်ထောင်အစ စီးပွားရေးမပြေလည်မှုတွေကြောင့် ပွဲဈေးတွေမှာ ဓားခြစ်ပန်းချီဆွဲပြီး စားဝတ်နေရေးဖြေရှင်းရာကနေ မသန်စွမ်းသူ ခြေထောက်နဲ့ ဆွဲတဲ့ လက်ရာမြောက် ပန်းချီကားတွေမို့ လူစိတ်ဝင်စားမှု သာမာန်ထက် ပိုပြီး သူ့ပန်းချီတွေ ရောင်းကောင်းခဲ့ပါတယ်။
ပန်းချီဆရာကိုတင့်က အခုလက်ရှိတော့ သူပင်တိုင် ပန်းချီထိုင်ဆွဲဖြစ်တဲ့နေရာက ရန်ကုန်မြို့ ဗန္ဓုလလမ်းမပေါ် ၃၅ လမ်းနဲ့ ၃၆ လမ်းကြားက အပင်ရိပ်မှာ မနက် ဆယ်နာရီကနေ ညနေ လေးနာရီအထိ ဆွဲပြ ရောင်းချပါတယ်။ မိုးရာသီအတွက် ပူပန်မိတာကြောင့် ဆရာကိုတင့် စုဆောင်းတဲ့အနေနဲ့ နေ့စဉ် ပန်းချီအချပ်ရေ ဆယ့်ငါးချပ်လောက် ကြိုးစားရေးဆွဲနေပါတယ်။
သူ့ ဓားခြစ်ပန်ချီကားချပ်တွေကို တစ်ပုံ ကျပ် နှစ်ထောင်နဲ့ ရောင်းချနေပြီး သုံးပုံယူမယ်ဆိုရင် ကျပ်ငါးထောင်သာ ကျသင့်မှာပါ။ ပန်းချီဆရာကိုတင့်ရဲ့ ရည်မှန်းချက်ထားလုပ်ကိုင်နေတဲ့ကိစ္စရပ်တစ်ခုကတော့ သူ့ဘဝမှာ တစ်ကိုယ်တော်ပန်းချီပြပွဲတစ်ခု ပြုလုပ်ချင်နေတာဖြစ်ပြီး ၊ အဲ့ဒီအတွက် စုဆောင်းကြိုးစားရေးဆွဲထားတဲ့ပန်ချီကားချပ်ပေါင်း လေးဆယ်ကျော်ရှိပြီလို့ ဆိုပါတယ်။