၁၅.၁.၂၀၂၅
Written By Zun
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ဆိပ်ကမ်းတွင် AA ထောက်ပို့ပစ္စည်းများတင်ထားသော ကုန်တင်စက်လှေ ၃ စင်း ယနေ့ ဇန်နဝါရီလ ၁၅ ရက်က မီးလောင်သွားကြောင်းသိရသည်။
“မီးလောင်တာက ဒီနေ့ မွန်းလွဲပိုင်းက လောင်တာ။ ကုလားတန်မြစ်ကမ်း သင်္ဘောဆိပ်မှာရပ်ထားတဲ့ စက်လှေတွေလောင်တာ။ စက်လှေထဲမှာ ဆီတွေပါတယ်တဲ့။ စက်နှိုးတော့ မီးပွားစင်တာကနေ မီးကူးလောင်တာလို့လည်း ပြောတယ်။ ဆေးလိပ်မီးစင်လို့ လောင်တာလို့လည်းပြောတယ်။မီးလောင်တဲ့အချိန်က ၂ နာရီကျော်လောက်က လောင်တာ။ ၃ နာရီကျော်လောက်ကြာတယ်။ တစ်စီးပြီးတစ်စီး မီးကူး လောင်တာ။ ကုန်တာပဲ။ စက်လှေမှာ ကုန်ပစ္စည်းတွေလည်းပါတယ်လေ။ ဆီချည်းမဟုတ်ဘူး”ဟု ဒေသခံတစ်ဦးက သူသိသမျှကို MT News သို့ ပြောပြသည်။
အဆိုပါစက်လှေများမှာ AA ထိန်းချုပ်ဗိုလ်ကျစိုးမိုးရာ ချင်းပြည်နယ် ပလက်ဝမြို့နယ်နှင့် AA ထိန်းချုပ်အခြေစိုက်ရာ ရသေ့တောင်မြို့နယ်တို့မှ စက်လှေများ ဖြစ်ကြောင်းနှင့် ကျောက်တော်မြို့နယ်နှင့် အဆိုပါဒေသတို့ကို အပြန်အလှန်သယ်ယူပို့ဆောင်နေကြသော စက်လှေများ ဖြစ်ကြောင်း သိရသည်။
မီးလောင်မှုကြောင့် စက်လှေတွင်ပါသည့် အသက် ၃၀ ကျော်အရွယ် စက်ဆရာတစ်ဦး မျက်နှာအပါအဝင် ခန္ဓာ ကိုယ်တစ်ခုလုံး အရေပြားများကွာကျကာ ဒဏ်ရာပြင်းထန်စွာရရှိသွားကြောင်းနှင့် အခြားသူများမှာ ရေထဲသို့ ခုန်ချသောကြောင့် လွတ်မြောက်သွားကြောင်း၊ ကုန်ပစ္စည်းများ၏ ဆုံးရှုံးမှုတန်ဖိုးမှာလည်း သိန်းပေါင်းထောင်ချီရှိကြောင်း သိရသည်။ သို့သော် AA ဘက်လိုက်မီဒီယာများက သတင်းရေးသားရာတွင်မူ ထိုလှေများမှာ AA ထောက်ပို့စက်လှေများဖြစ်သည်ဟု မဖော်ပြကြဘဲ ဖုံးကွယ် ဖော်ပြခဲ့သည်။ Photo – CJ