၁၅.၁.၂၀၂၅
Written By Zun
ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ် (၃) ရပ်ကွက်၊ ကျွန်းတော၊ ကုက္ကို (၂) လမ်းအတွင်း ဘုရားကျောင်းဆောင်၌ ထွန်းထားသည့် ဖယောင်းတိုင်မီးမှ စတင်လောင်ကျွမ်းခဲ့၍ လူနေအိမ်လိုင်းခန်း ငါးလုံးခန့် မီးထဲပါသွားမှု ယနေ့ ဇန်နဝါရီလ ၁၅ ရက် ည ၇ နာရီခန့်အချိန်က ဖြစ်ပွားခဲ့သည်။
“မီးသတ်ကားတွေလည်း အချိန်မီရောက်တယ်။ အိမ်တွေကခပ်စိပ်စိပ်လေးဖြစ်နေတော့ မီးကူးစက်လောင်တာ ၁၂ လုံးတွဲတန်းလျားတွေထဲမှာ ၅ လုံးလောက်ပါသွားတယ်။ လောလော ဆယ်သိရတာကတော့ ဘုရားမီးထွန်းတာကနေ စတာလို့ ကနဦးပြောတယ်။ မီးသတ်က စစ်ဆေးနေတယ်” ဟု မြဝတီမြို့ခံတစ်ဦးက MT News ကို ပြောသည်။
မီးသတ်ကားများရောက်လာသော်လည်း လမ်းအတွင်းသို့ ဝင်ရန် ကျဉ်းမြောင်းသောကြောင့် မီးငြှိမ်းသတ်ရာတွင် အခက် အခဲများ ဖြစ်ခဲ့ကြောင်းလည်း ယင်းက ပြောသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၁၁ ရက်ကလည်း ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ် ၅ ရပ်ကွက်၊ ဆင်းရွှေလီ ၃ လမ်းတွင် ဆိုလာအားသွင်းရာမှ အပူလွန်ကာ မီးလောင်ခဲ့သောကြောင့် နေအိမ်၂ လုံးမီးလောင်ကျွမ်းပြီး တခြား နေအိမ် ၂ လုံး တစ်ဝက်စီ မီးလောင် ပျက်စီးသွားခဲ့မှု ဖြစ်ပွားခဲ့သေးသည်။