၁၅.၁.၂၀၂၅
Written By Thandar
ရွှေမြန်မာရုပ်ရှင်ထုတ်လုပ်ရေးရဲ့ အချစ်နဲ့ ထိတ်လန့်ခြောက်ခြားဖွယ် ဇာတ်လမ်းပုံစံ “ပြုစား” ရုပ်ရှင်ဇာတ်ကားကြီး Red Carpet Show ပွဲအခမ်းအနားကို ယနေ့ ဇန်နဝါရီ ၁၅ ရက် ညနေပိုင်းက ရန်ကုန်မြို့ သမ္မတ အဆင့်မြင့် ရုပ်ရှင်ရုံမှာ ကျင်းပခဲ့ပါတယ်။
“ဗိုလ်က ဒီဇာတ်ကားမှာ မိုးခေတ်ဆိုတဲ့ ကာရိုက်တာနဲ့ သရုပ်ဆောင်ထားပါတယ်။ ရိုက်ဖူးသမျှထဲမှာ အဆန်းဆုံးနဲ့ ဗိုလ်အတွက် ပင်ပန်းတယ်။ အရမ်းကိုကျေနပ်အားရခဲ့တဲ့ ကာရိုက်တာလေးတစ်ခုပါရှင့်။ ပြုစားက ရှေ့မှာရိုက်ခဲ့တဲ့ကားတွေနဲ့ မတူဘူးပေါ့နော်။ ပြုစားတတ်တဲ့ မိန်းမလို့အထင်ခံရတာပါ။ ကာရိုက်တာက အရမ်းလည်းကြီးနေတယ်။ တော်တော် စိတ်လှုပ်ရှားစရာကောင်းပါတယ်။ ခိုက်တတ်တဲ့ မိန်းမ အထင်ခံရတာပေါ့။ ပြုစားကားက ချစ်ခြင်းတရားတွေ ရိုမန့်လေးတွေလည်းပါသလို နာကျဥ်းခြင်းတွေ မုန်းတီးခြင်းလည်းပါပါတယ် ”လို့ သရုပ်ဆောင် ရတနာဗိုလ်က ပြောပါတယ်။
အဆိုပါ ဇာတ်ကားကို ဇာတ်လမ်း လူညိုချောနဲ့ မယ်မင်းဘုံရေးသားပြီး ဇာတ်ညွှန်းနဲ့ ဒါရိုက်တာကိုလည်း မယ်မင်းဘုံက စုန်း၊ သရဲ၊ အချစ်၊ မိသားစုဇာတ်လမ်းပုံစံနဲ့ ပုပ္ပားဒေသဘက်မှာ ရိုက်ကူးပုံဖော်ထားတာလည်း ဖြစ်ပါတယ်။
သရုပ်ဆောင်တွေဖြစ်တဲ့ နေဝင်း၊ ရှိန်းတင်ထူး၊ စိုးမြတ်သူဇာ၊ ခိုင်နှင်းဝေ၊ ရတနာဗိုလ်၊ ခြူးလေးနဲ့ အနုပညာရှင်များစွာ ပါဝင်ထားကြပါတယ်။
“မြဇာဆိုတဲ့ စုန်းမ ခြေထောက်ထော့ကျိုးပုံစံ ကွမ်းစားပြီး အနုပညာသက်တမ်းတစ်လျှောက် တစ်ခါမှ သရုပ်ဆောင်မဆောင်ဖူးတဲ့ ကာရိုက်တာနဲ့ သေချာသရုပ်ဆောင်ခဲ့တာပါ။ထူးခြားကတော့ ကိုယ်က အမည်းဝမ်းဆက်ကိုလည်း သဘောကျတယ်။ အမေရေယဉ်ကို တိုင်တည်ပြီး ဝတ်ဆင်ထားတာပါ။ တစ်ကားလုံးမှာ ကွမ်းစားရတာ ခက်ခဲတာပါ။ လျှာတွေမှာ ထုံးတွေပေါက်ခဲ့တယ်။ ပထမဆုံးလုပ်ဖူးတဲ့ကာရိုက်တာပေါ့နော်။ ခြေထောက်ကလည်း ဆာရမယ်ပေါ့နော်။ ကျိန်စာတိုက်တဲ့ အခန်းတွေကအစပေါ့။ အဓိက ဒါရိုက်တာမယ်မင်းဘုံကို ယုံကြည်ပြီး ရိုက်ခဲ့တာပါ။ ကြည့်ရှုသူ ပရိသတ်တွေအနေနဲ့ အသက်ရှုမှားလောက်အောင် မွန်းကြပ်နေရောနေမှာပါ။ ပါဝင်ကြတဲ့ ကာရိုက်တာအလိုက် အကောင်းဆုံးကြိုးစားထားတာမို့ လာရောက်အားပေးဖို့ ဖိတ်ခေါ်ပါတယ် ”လို့ ခိုင်နှင်းဝေက ပြောပါတယ်။
“ပြုစား” ရုပ်ရှင်ဇာတ်ကားကြီးကို လာမယ့် ဇန်နဝါရီ ၁၇ ရက်မှာ မြန်မာတစ်ပြည်လုံးရှိ အဆင်မြင့် ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသမှာလည်းဖြစ်ပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားကို အသက် ၁၃ နှစ်အောက် ကလေးတွေက မိဘနဲ့အတူကြည့်ရှုသင့်တယ်ပြီး ထိတ်လန့်ဖွယ်ရာဇာတ်ဝင်ခန်းတွေပါဝင်ပါတယ်။